ငလျင်ဒဏ်ခံ ဒုက္ခသည်များအတွက် အီရန်အလေးမသမား ရိုစတာမီ ရွှေတံဆိပ်ဆု ရောင်းချကူညီ

ဓာတ်ပုံ - KIANOUSH ROSTAMI/INSTAGRAM
အီရန်အလေးမသမား ရိုစတာမီဟာ အီရန်နဲ့ အီရတ်နယ်ခြားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဒုက္ခသည်ဖြစ်ခဲ့ရသူတွေအတွက် ၂၀၁၆ ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုကို လေလံတင်ရောင်းချပြီး ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၄၀၀ သေဆုံးကာ ၁၀၀၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အိမ်ခြေပေါင်း ရာနဲ့ချီပျက်စီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ နေစရာမရှိဘဲ အအေးဓာတ်တွေ ခံစားနေရတဲ့အတွက် ရိုစတာမီက အဝတ်အစားတွေနဲ့ ရေသန့်ဘူးတွေ လှူဒါန်းဖို့ ပြင်ဆင်ထားတာပါ။ ရွှေတံဆိပ်ဆုကို ပြန်လည်လေလံပစ် ရောင်းချခဲ့တာနဲ့ ပတ်သက်လို့ ရိုစတာမီက "ဒီကူညီမှုဟာ သေးငယ်ပေမယ့် ခြေလှမ်းတလှမ်းဖြစ်ပါတယ်" လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ရိုစတာမီအပြင် အီရန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းနဲ့ မသန်စွမ်း အိုလံပစ်သေနတ်ပစ် ရွှေတံဆိပ်ဆုရှင် ဂျာဗန်မာဒီကလည်း သူရရှိတဲ့ ရွှေတံဆိပ်ကို ပြန်လည်ရောင်းချပြီး လှူဒါန်းခဲ့ပါတယ်။

More News
Up