A d v e r t i s e m e n t With Us

ဖူးခက်တွင် ဖမ်းဆီးခံရသော နိုင်ငံခြားသား ၂၀၀၀ ကျော်အနက် လဝကသို့ ၆၀၀ ဦးသာ ပို့ဆောင်ကြောင်း တွေ့ရှိ

ဓာတ်ပုံ - Phuket News
ထိုင်းနိုင်ငံမှာ တနှစ်အတွင်း ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားပေါင်း ၂၀၀၀ ကျော် အဖမ်းခံရပေမယ့် ၆၀၀ ကျော်သာ ထိုင်းလဝကဌာနချုပ်ကို အမည်စာရင်း တက်လာတယ်လို့  bangkokbiznews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင်မှာ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတချို့ အကျင့်ပျက်ခြစားမှုတွေရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက်  သတင်းမှန် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ထိုင်းရဲချုပ်ကြီးရဲ့ ညွှန်ကြားချက်အရ ပြန်လည်စစ်ဆေးပြီး တွေ့ရှိခဲ့တာပါ။ အမှတ် ၈ တိုင်းဒေသရဲမှူးချုပ် နန်ထဒေချယွဲ့နွန်းဟာ ခရိုင်ထဲက အမှုတွဲတွေ ပြန်လည်စိစစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဌာနချုပ်ကို အစီရင်ခံစာ တင်ပြခဲ့ရာမှာ ထိုင်းအမျိုးသား ဒု-ရဲချုပ်ကြီး ဆရီဝရန်း ရန်းဆီဖရမ်းကွန်းက အမှုတွဲတွေအားလုံး ရောက်မလာကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ဒီနှစ် အောက်တိုဘာလအထိ တနှစ်တာကာလအတွင်း ဖူးခက်ခရိုင် ဆာဖူးရဲစခန်းမှာ အဖမ်းခံရတဲ့ နိုင်ငံခြားသားပေါင်း ၇၆ ဦးအနက် ၃ ဦးသာ လဝကကို ပို့ဆောင်ကြောင်း၊ ထလန်ရဲစခန်းမှ ဖမ်းဆီး ၇၈ ဦး၊ ပို့ဆောင် ၁၆ ဦး၊ ချလောင်ရဲစခန်းမှာ ဖမ်းဆီး ၁၇၁ ဦး၊  ပို့ဆောင် ၅၂ ဦး၊ ကလွန်ရဲစခန်းမှာ ဖမ်းဆီး ၃၄၄ ဦး၊ ပို့ဆောင် ၉၅ ဦး၊ ကမလာရဲစခန်းမှာ ဖမ်းဆီး ၂၆၉ ဦး၊ ပို့ဆောင် ၁၄၅ ဦး၊ ထာ့ချဒွန်းချိုင်းစခန်းမှာ ဖမ်းဆီး ၂၀ ဦး၊ ပို့ဆောင် ၂ ဦး၊ ချိန်းထလေးစခန်းမှာ ဖမ်းဆီး ၇၅ ဦး၊ ပို့ဆောင် ၆၀ ဦး၊ ပါတောင်းစခန်းမှာ ဖမ်းဆီး ၈၆၂ ဦး၊ ပို့ဆောင် ၅၂ ဦး၊ ကရထုစခန်းမှာ ဖမ်းဆီး ၉၈ ဦး၊ ပို့ဆောင် ၂၇ ဦး၊ ဝိချစ်စခန်းမှာ ဖမ်းဆီး ၂၄၈ ဦး၊ ပို့ဆောင် ၅၉ ဦး၊ ဖူးခက်မြို့မရဲစခန်းမှာတော့ ဖမ်းဆီး ၁၇၄ ဦး၊ ပို့ဆောင် ၁၇၄ ဦး၊ ဖူးခက်ခရိုင်တခုလုံး ဖမ်းဆီးရမိသူ စုစုပေါင်း ၂၄၁၅ ဦးအနက်  လဝကရဲတပ်ဖွဲ့သို့ ပို့ဆောင်ခဲ့သူ ၆၈၅ ဦးသာရှိပြီး ၁၇၃၀ ဦး ပါမလာဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီစာရင်းမှာ ပါမလာတဲ့သူတွေနဲ့ ပတ်သက်ပြီး အကြောင်းပြချက် အစီရင်ခံစာကို ၃ ရက်အတွင်း ပြန်လည်တင်ပြဖို့နဲ့ နောက်နောင် ၇ ရက်တကြိမ် အစီရင်ခံစာပေးပို့ဖို့ ဒု-ရဲချုပ်က ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။ ဖူးခက်ခရိုင်ထဲမှာ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ အလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသားတွေရော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေပါ အများအပြား ဝင်ရောက်နေထိုင်လျက် ရှိပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်ရှိသူတွေဟာ နေထိုင်ခွင့်ဗီဇာသက်တမ်း ကုန်ဆုံးတဲ့ ပြဿနာတွေ အများဆုံးရှိပြီး ရွှေ့ပြောင်းလုပ်သားတွေမှာလည်း အလုပ်သမားကတ်မရှိတာ၊ နေထိုင်ခွင့်လက်မှတ်မရှိတာ၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်တာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်တာ စတဲ့အမှုတွေ အများဆုံး ရင်ဆိုင်ရလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up