လီယိုနာဒိုဒါဗင်ချီ၏လက်ရာ ပန်းချီကား ဒေါ်လာ သန်း ၄၅၀ ဖြင့် ရောင်းထွက်

ဓာတ်ပုံ - CHRISTIE'S
လီယိုနာဒိုဒါဗင်ချီ ရေးဆွဲတာလို့ ယူဆရတဲ့ နှစ် ၅၀၀ သက်တမ်းရှိ ခရစ်တော်ရဲ့ ပန်းချီကားဟာ အမြင့်ဆုံးဈေး ဒေါ်လာ သန်း ၄၅၀ နဲ့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ရောင်းထွက်သွားတယ်လို့ ဘီဘီစီသတင်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီပန်းချီကားကို လက်တင်ဘာသာစကားနဲ့ ကမ္ဘာကိုကယ်တင်သူ (Salvator Mundi) လို့ လူသိများကြပြီး အခုပေးဝယ်တဲ့ဈေးနှုန်းက ပန်းချီတွေထဲမှာ အမြင့်ဆုံးလေလံဈေးနှုန်း ဖြစ်တာကြောင့် ခရစ္စတီး လေလံခန်းထဲမှာ လက်ခုပ်သံတွေနဲ့ ကောင်းချီးသြဘာပေးသံတွေ ညံသွားပါတယ်။ ပန်းချီအကျော်အမော် လီယိုနာဒိုဒါဗင်ချီဟာ ၁၅၁၉ ခုနှစ်မှာ သေဆုံးခဲ့ပြီး သူ့ရဲ့ပန်းချီလက်ရာ အနည်းဆုံး ၂၀ အခုအချိန်ထိ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက အခုပန်းချီကားဟာ သူ ၁၅၀၅ ခုနှစ်နောက်ပိုင်းလောက်က ရေးဆွဲခဲ့တာလို့ ယူဆနေကြတာပါ။ ပန်းချီကားရဲ့ နောက်ဆုံးလေလံဆွဲဈေးနှုန်းက ဒေါ်လာ သန်း ၄၀၀ ဖြစ်ပေမယ့် တခြားစရိတ်တွေနဲ့ပေါင်းရင် စုစုပေါင်း ဒေါ်လာ ၄၅၀ ဒသမ ၃ သန်း ကျခဲ့တာပါ။ လေလံအပြိုင်ဆွဲနေတုန်း အမည်မသိ ဝယ်သူတယောက်က တယ်လီဖုန်းကတဆင့် လေလံဆွဲခဲ့တာလို့ သိရပါတယ်။ ပန်းချီကားထဲမှာ ခရစ်တော်က လက်တဖက်ကို မြှောက်ထားပြီး တခြားလက်တဖက်က ဖန်လုံးတလုံးကို ကိုင်ထားပါတယ်။ ၁၉၅၈ ခုနှစ်တုန်းက ဒီပန်းချီကားကို လန်ဒန်မြို့လေလံပွဲမှာ ဒေါ်လာ သန်း ၆၀ နဲ့ ရောင်းချခဲ့ပြီး အဲ့ဒီအချိန်လောက်က ဒီပန်းချီကားကို လီယိုနာဒိုရေးဆွဲခဲ့တဲ့ ပန်းချီကားမဟုတ်ဘဲ သူ့နောက်လိုက်တဦး ရေးဆွဲခဲ့တဲ့လက်ရာလို့ ယူဆခဲ့ကြတာပါ။ အခုအချိန်အထိတောင် ဒီပန်းချီကားရဲ့လက်ရာကို လီယိုနာဒိုရဲ့လက်ရာဆိုတာ အားလုံးက မယူဆကြဘူးလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ ဝေဖန်သူတဦးဖြစ်တဲ့ ဂျဲနီဆော့လ်ဇ်က "ပန်းချီကားရဲ့ မျက်နှာပြင်က သက်ဝင်မှုမရှိဘူး၊ အရောင်တင်ထားတယ်၊ အရောင်က တောက်ထိန်ပြီး အကြိမ်များစွာ ရေးဆွဲ ပြန်လည်မွမ်းမံထားလို့ တချိန်တည်းမှာပဲ အသစ်နဲ့အဟောင်း ဖြစ်နေတယ်။ ဒီပန်းချီကားကို ကိုယ်ပိုင် ပန်းချီစုဆောင်းသူအနေနဲ့ ဝယ်ရင်တော့ ရူးတာပဲ။ ဒါကို သူတို့ရဲ့စတိုခန်း ဒါမှမဟုတ် အိမ်မှာထားလို့ပဲရမယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ခရစ္စတီးလေလံခန်း တာဝန်ရှိသူက “ပန်းချီကားဟာ အစစ်အမှန်ဖြစ်တယ်။ ၂၀ ရာစုမှာ ပြန်လည်ရှာတွေ့ခဲ့တဲ့ ကြီးကျယ်တဲ့ အနုပညာလက်ရာ” လို့ ပြောလိုက်တာပါ။ ၂၀၀၅ ခုနှစ်မှာ ဒီပန်းချီကားက မှေးမှိန်ရာကနေ ပြန်ပေါ်လာပြီး ပျောက်ဆုံးနေတဲ့ လီယိုနာဒိုရဲ့ လက်ရာဆိုကာ လူထုတွေထဲ အကြီးအကျယ် စိတ်ဝင်စားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ရုရှား ပန်းချီစုဆောင်းသူတဦးက ဒီပန်းချီကားကို ဈေးပြိုင်စနစ်နဲ့မဟုတ်ဘဲ တဦးချင်းရောင်းချမှုကနေ ဒေါ်လာ ၁၂၇ ဒသမ ၅ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up