ကားလမ်း ဖောက်လုပ်မှုကြောင့် ဆုံးရှုံးသွားသည့် လယ်ယာမြေများကို လျော်ကြေးငွေပေး

2.2K
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ နိုဝင်ဘာ ၁၄ ရက် မနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမမှာ မိတ္ထီလာမြို့ရှောင် ရန်ကုန်-မန္တလေးကားလမ်း ဖောက်လုပ်ရာမှာ ဆုံးရှုံးသွားတဲ့ လယ်မြေတွေအတွက် ပထမဆုံးအကြိမ် လျော်ကြေးငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက “မိတ္ထီလာမြို့ရှောင် ရန်ကုန်-မန္တလေး ကားလမ်း ဖောက်ရာမှာ သာစည်မြို့နယ်ထဲက ကျေးရွာအုပ်စု ၅ အုပ်စု၊ တောင်သူ ၁၉၈ ဦးရဲ့ လယ်ယာမြေ ၁၅၁ ဒသမ ၀၇ ဧက ပါသွားတယ်။ ၁ ဧကကို သိန်း၅၀ နဲ့တွက်ပြီး ကျပ်သိန်း ၇၅၅၃၅၀၀၀၀ ပေးမယ်။ အခုပေးတာက ပထမဆုံးအနေနဲ့ ပေးတယ်။ ကုန်းတောင်းရွာက တောင်သူ ၅၀ ဦး ရဲ့ လယ်ယာမြေ ၄၈ ဒသမ ၈၈ ဧကအတွက် သိန်း ၂၄၄၄ ကျပ် ပေးတယ်။ ကျန်တဲ့လျော်ကြေးငွေကို ထပ်ပေးမယ်။ အစိုးရက ပေးတာပါ” လို့ ပြောပါတယ်။
သာစည်မြို့နယ်အတွင်းကနေ မိတ္ထီလာမြို့ရှောင်ကားလမ်း ဖြတ်သန်းဖောက်လုပ်ခဲ့ပြီး အပျောက်ရွာ၊ တမာကုန်းရွာ၊ သပြေဝရွာ၊ ညောင်အိုင်ရွာနဲ့ ကုန်းတောင်းရွာ ၅ ရွာရှိ တောင်သူတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာခဲ့လို့ လွှတ်တော်ကို တင်ပြပြီး အစိုးရက လျော်ကြေးငွေ ပေးအပ်ခဲ့ပြီး တက်ရောက်သူ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)