မွန်ပြည်နယ်မှ အဆင့်မြင့်ရော်ဘာ တန်ချိန် ၅ သောင်း စင်ကာပူနိုင်ငံက ဝယ်ယူမည်
DVB
·
November 16, 2017
မွန်ပြည်နယ်က ထွက်ရှိတဲ့ အဆင့်မြင့်ရော်ဘာပြားတွေကို စင်ကာပူနိုင်ငံက တန်ချိန် ၅ သောင်းအထိ ဝယ်ယူသွားမယ်လို့ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်းက သိရပါတယ်။
မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က “ကျနော်တို့ဆီက တနှစ် ရော်ဘာတန်ချိန် ၅ သောင်း ထုတ်နိုင်ရင် သူတို့လည်း အားလုံးဝယ်နိုင်တယ်။ အဓိကကတော့ ကျနော်တို့ဆီက အဆင့်မြင့်ရော်ဘာပြား (RSS 1, 2, 3) တွေကို ထုတ်နိုင်ဖို့ပဲ။ ဈေးနှုန်းကို ဘယ်လောက်နဲ့ ဝယ်မယ်ဆိုတာလည်း မပြောသေးပါဘူး။ လောလောဆယ် MOU ထိုးထားတဲ့ သဘောပါ။ တန် ၅ သောင်း ဆိုတာကလည်း ကျနော်တို့ဘက်က အခုလက်ရှိ ချက်ချင်း ထုတ်မပေးနိုင်တဲ့ အနေအထား ဖြစ်နေတယ်”လို့ ပြောပါတယ်။
အဆင့်မြင့်ရော်ဘာပြား တန်ချိန် ၅ သောင်း ဝယ်ယူရေးအတွက် မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းနဲ့ စင်ကာပူနိုင်ငံ ဟင်္သာအဂရီကုမ္ပဏီတို့ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်မှာ ရော်ဘာထုတ်ကုန်များ ဝယ်ယူရေးဆိုင်ရာ MOU စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
မွန်ပြည်နယ် တပြည်နယ်လုံးမှာ ရော်ဘာစိုက်ပျိုးမြေ ဧက ၅ သိန်းလောက်ရှိပြီး၊ ဧက ၃ သိန်းကျော်မှာ ရော်ဘာထုတ်လုပ်နေတယ်လို့ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်းရဲ့ စာရင်းမှတ်တမ်းအရ သိရပါတယ်။
မွန်ပြည်နယ်အစိုးရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်း ရော်ဘာတွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တည်ဆောက်နိုင်ဖို့ စီစဉ်နေပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ တင်ပြနိုင်မှသာ လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးက သိရပါတယ်။
သတင်း - ယူမင်းစိုး