ကယားပြည်သူများ လယ်ယာသိမ်းခံရမှုပြဿနာ အဆိုးဆုံး ခံစားနေရ
နော်နိုရင်း
·
April 6, 2012
ကယားပြည်နယ်ကလူထုဟာ လယ်သိမ်းယာသိမ်းမှုတွေ ခံစားရပြီး အသိမ်းခံရတဲ့ မိမိမြေယာပေါ်မှာ အခကြေးငွေပေး လုပ်ကိုင်နေရတဲ့ ပြဿနာဟာ အဆိုးရွားဆုံး ဖြစ်နေတယ်လို့ ကယားပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ ကိုပြုံးချိုတို့အဖွဲ့ဟာ ‘ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း’ အစီအစဉ်အရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ကယားပြည်နယ်က လူထု အဖွဲ့အစည်းတွေကို လိုက်လံ တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒီလို လုထုအခြေပြုအဖွဲ့နဲ့ တွေ့ဆုံစဉ် လယ်ယာသိမ်းမှု ပြဿနာကို ဒေသခံတွေ တင်ပြတာ ဖြစ်တယ်လို့ ကိုမြအးက ပြောပါတယ်။
“ဒီဒေသမှာ နေထိုင်နေတဲ့သူတွေက အင်မတန်မှ ရိုးသားတဲ့တိုင်းရင်းသား ညီအကိုမောင်နှမတွေ နေထိုင်တဲ့ဒေသတွေ ဖြစ်တယ်။ အထူးသဖြင့် ကျနော်ဒီဘက်ကို ဆင်းလာတဲ့အခါမှာ အောင်ပန်းကနေ ဖယ်ခုံ၊ ဖယ်ခုံကနေ မိုးဗြဲ၊ မိုးဗြဲကနေ လွိုင်ကော်ကို ရောက်လာတဲ့အချိန်မှာ အများဆုံးကြားရတဲ့ ထိခိုက် နစ်နာမှုတွေက ဘာလဲဆိုရင် တိုင်းရင်းသား ညီအကိုမောင်နှမတွေ ပိုင်တဲ့မြေတွေကို အတင်းအဓမ္မ သိမ်းပိုက်တဲ့ကိစ္စပဲ၊ အဲဒီမှာ ဖယ်ခုံမှာဆိုရင် ရွာ ၃ ရွာမှာရှိတဲ့ ယာမြေတွေ၊ ဘိုးဘွားပိုင်မြေတွေကို စစ်တပ်ကသိမ်းတယ်။ သိမ်းပြီးတော့ အဲဒီမြေကို အဲဒီမှာ လုပ်တဲ့သူတွေကို တလဘယ်လောက်ဆိုပြီး ပြန်ငှားစားတယ်။ တလ ၃၀၀၀၊ ၅၀၀၀ အဲဒီလိုယူတယ်။ အခုကျတော့ ဈေးတက်တယ်ဆိုပြီး ပဲစဉ်းငုံ ၂ အိတ်ဆိုပြီး တောင်းတော့ လယ်ယာသမားတွေက ဘယ်လိုမှ လုပ်ကိုင် စားသောက်နိုင်တဲ့ အခြေအနေမရှိဘူး။ ဆိုလိုချင်တာက လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ မြေသိမ်းတဲ့ ကိစ္စတွေ လွိုင်ကော်မှာဆိုရင် ဘိလပ်မြေ စက်ရုံဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဧကပေါင်းများစွာ သိမ်းဆည်းခံရမယ်ဆိုပြီး ကျနော်တို့ ကြားနေရတယ်။ ဒါတွေကတော့ ယာမြေသိမ်းခံရမယ်ဆိုတဲ့ ကိစ္စဖြစ်စဉ်တွေပါ။”
ဒါ့အပြင် သူတို့သွားရာလမ်းမှာ ကယားတိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်ချင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အမှန် တကယ်လည်း ကယားတိုင်းရင်းသားတွေဟာ မိမိရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်တဲ့ဘာသာတရား အပေါ်မှာ ခွဲခြားဆက်ဆံခံနေရတာကို တွေ့မြင်ခဲ့ရကြောင်းလည်း ကိုမြအေးက ပြောပါတယ်။
သူတို့အနေနဲ့ ကယားပြည်နယ်က လယ်မြေသိမ်းခံရမှုနဲ့ လူမျိုးဘာသာ ခွဲခြားဆက်ဆံ ခံရမှုတွေကို အတတ်နိုင် ဆုံးကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ပေးသွားမယ်။ သမ္မတ ဦးသိန်းစိန်တို့အစိုးရက နောက်ပြန်မလှည့်ဘူးဆိုတဲ့ ကိစ္စတွေလည်း ပြောနေတယ်။ ဘာပဲပြောပြော ကျနော်တို့ တိုင်းရင်းသား ညီအကိုမောင်နှမတွေ အပေါ်မှာ ပြည့်ပြည့်ဝဝ သဘောထားကြီးကြီးနဲ့ လုပ်ပေးစေချင်တယ်။ ယာသိမ်း မြေသိမ်း ကိစ္စရပ်တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် အဓိပ္ပာယ်လည်းမရှိပါဘူး။ ပြီးတော့ အဲဒီ ယာတွေ၊ မြေတွေကို နဂိုမူလပိုင်ရှင်တွေကိုပဲ တလဘယ်လောက်နဲ့ ငှားစားတယ်ဆိုတာလည်း အဓိပ္ပာယ်သိပ်မရှိပါဘူး။ ကိုယ့်မြေကိုယ့်ယာမှာ ကိုယ်လုပ်ပြီးတော့ ပြန်ပြီးလစာပေးရတယ်။ ၁ လကို ပဲစဉ်းငုံ ၂ အိတ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ၊ အဲဒါတွေကိုတော့ အတတ်နိုင်ဆုံး အရေးဆိုသွားမှာ ဖြစ်တယ်။ ”
ကိုမြအေးနဲ့အဖွဲ့က ဧပြီ ၅ ရက်နေ့က ကယားပြည်နယ်ကို ရောက်ရှိတာဖြစ်ပြီး ကယားပြည်နယ်က အဖွဲ့အစည်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ တွေဆုံပြီး လူထုဟောပြောပွဲလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီမနက်မှာလည်း လွိုင်ကော် အကျဉ်းထောင်ကိုသွားပြီး နိုင်ငံရေး အကျဉ်းသား ကိုမြင့်အေးနဲ့ ကိုရဲထိုက်ကို အစားအသောက်နဲ့ အသုံးဆောင်တွေ ပေးပို့ခဲ့သလို ညနေပိုင်းမှာလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကယန်းပြည်သစ်ပါတီ၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။