ဇင်ဘာဘွေတွင် စစ်တပ်က အာဏာသိမ်းပြီး သမ္မတမူဂါဘီကို ဖမ်းဆီးထိန်းသိမ်း (ရုပ်သံ)

2.2K
ကိုးကား - Reuters/Independent
ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်အစောပိုင်းမှာ အာဏာသိမ်းပြီး အာဏာရှင်သမ္မတ ရောဘတ်မူဂါဘီကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။
တိုင်းပြည်မှာ လူမှုရေးနဲ့ စီးပွားရေး အခက်အခဲတွေဖြစ်အောင် လုပ်ခဲ့တဲ့ မူဂါဘီနဲ့ နီးစပ်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဦးတည်လုပ်ဆောင်ခဲ့တာလို့ နိုင်ငံပိုင် ရုပ်သံဌာနကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်တပ်ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
အသက် ၉၃ နှစ်အရွယ် သမ္မတမူဂါဘီနဲ့ သူ့ရဲ့မိသားစုတို့ ဘေးကင်းလုံခြုံမှုရှိတယ်လို့လည်း ဆိုပါတယ်။ အလားတူ ဘဏ္ဍာရေးဝန်ကြီး ချွမ်းဘိုကိုလည်း စစ်တပ်က ဖမ်းဆီးထားလိုက်ပြီး ရည်မှန်းချက် အောင်မြင်အထမြောက်တာနဲ့ အခြေအနေဟာ ပုံမှန်ပြန်ဖြစ်ဖို့ မျှော်လင့်တယ်လို့ ဇင်ဘာဘွေစစ်တပ်မှ ဗိုလ်ချုပ် အက်စ်ဘီမိုယိုက ရုပ်မြင်သံကြားကနေ ပြောပါတယ်။
မြို့တော် ဟရာရေမှာရှိတဲ့ အစိုးရရုံး၊ ပါလီမန်နဲ့ တရားရုံးကိုသွားတဲ့ အဓိက လမ်းမကြီးတွေကို ဇင်ဘာဘွေစစ်သားတွေနဲ့ တင့်ကားတွေက ပိတ်ထားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အာဏာရပါတီရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာတော့ အာဏာသိမ်းမှုဟာ သွေးထွက်သံယိုမရှိတဲ့ အသွင်ကူးပြောင်းမှုဖြစ်တယ်လို့ သတင်းစကား ရေးသားထားပါတယ်။
နိုင်ငံအာဏာကို ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက ရယူထားခဲ့တဲ့ သမ္မတ မူဂါဘီဟာ ဒု-သမ္မတ အီမာဆန်မန်နန်ဂါဝါကို ရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက် စစ်တပ်က ခုလိုလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။