Home
ဆောင်းပါး
တရုတ်-ဗမာ ကွန်မြူနစ် နှစ်ပါတီ အလွဲ
DVB
·
November 15, 2017
တိန့်ရှောင်ဖိန်ကို သခင်ဗသိန်းတင် စိတ်ဆိုးခြင်း ပြီးခဲ့တဲ့အပတ်က ကျနော့်ဆောင်းပါး “အရှေ့မြောက်ဒေသမှ ဗမာပြည်ကွန်မြူနစ်ပါတီ ကျရှုံးမှုအစ” တွင် ၁၉၈၅ ခုနှစ် ဧပြီလကုန်ပိုင်းလောက်က ပီကင်းသို့ ဦးနေဝင်း လာရောက်လည်ပတ်ကာ နယ်စပ်ဒေသတွင် တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ရန်အတွက် ကြူကုတ်-ပန်ဆိုင်းကို ပြန်လည်ရယူလိုကြောင်း ပြောကြားသည်မှ စတင်၍ တရုတ်ကွန်မြူနစ်ပါတီမှ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပေးပို့ကူညီနေသော စစ်ရေးဆိုင်ရာ အထောက်အပံ့များကို ရပ်ဆိုင်းခံလိုက်ရသည့်အကြောင်းနှင့် နောက်ပိုင်းတွင် ကြူကုတ်-ပန်ဆိုင်း တိုက်ပွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော် ရှုံးနိမ့်သွားပုံများကို ဖော်ပြခဲ့ပါသည်။ အမှန်တကယ်အားဖြင့် မြန်မာပြည်အရှေ့မြောက်ဒေသရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဥက္ကဋ္ဌ မော်စီတုံး ဦးဆောင်သည့် တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော်လှန်ရေး လမ်းစဉ်အမှားမှ စတင်မြစ်ဖျားခံလာခဲ့သည့် ဘေးထွက်ပစ္စည်း (Byproduct) ဖြစ်လေရာ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သူရော၊ လမ်းစဉ်ပေါ်လစီပါ ပြောင်းပြီဆိုကတည်းက အရှေ့မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနာဂတ်သည်လည်း မရေရာတော့ချေ။ သို့ဖြစ်လေရာ အရှေ့မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ ကျရှုံးမှုအစမှာ တရုတ်-ဗမာ ကွန်မြူနစ် နှစ်ပါတီတို့၏ အတွေးအခေါ်၊ လမ်းစဉ် မတူညီသည်က စခဲ့သည်ဟု ဆိုလျှင်လည်း မမှားချေ။ တရုတ်ကွန်မြူနစ်ပါတီတွင်း အပြောင်းအလဲ ၁၉၇၆ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံး ကွယ်လွန်ပြီးနောက် အောက်တိုဘာလတွင် လေးယောက်ဂိုဏ်းကို ဖမ်းဆီး အရေးယူလိုက်သည်။ ထိုကာလနောက်ပိုင်း တိန့်ရှောင်ဖိန်သည် အမှန်တကယ် ခေါင်းဆောင်နေသည့် De facto Leader တရုတ်ခေါင်းဆောင် ဖြစ်လာသည်။ ၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပါတီဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်အဖြစ် ပြန်လည်တာဝန်ယူခဲ့သည်။ တိန့်ရှောင်ဖိန်သည် ၁၉၇၇ ခုနှစ်တွင် “ပီကင်းနွေဦး” ဆိုသည်ကို ဆော်သြခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက နစ်နစ်နာနာ ထိခိုက်ခံစားခဲ့ရမှုများ၊ မတရား တိုက်ခိုက်ရှုတ်ချခံရမှုများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် ခွင့်ပြုလိုက်သည်။ ပါတီတွင်းတွင် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ဖြုတ်-ထုတ်ခံထားရသည့် လူဟောင်းများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းစေကာ သိက္ခာပြန်တင်ပေးခြင်းဖြင့် ဂရုတစိုက် ပြန်လည်စည်းရုံးခဲ့သည်။ ပြည်သူလူထုအတွင်း ယဉ်ကျေးမှုတော်လှန်ရေးကို ပြစ်တင်ဝေဖန်သော လှုပ်ရှားမှုကို အားပေးရင်း ထိုကာလအတွင်းက နိုင်ငံရေး နေရာရလာကြသူများကို အားနည်းချည့်နဲ့သွားစေသည်။ ဤသို့ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးအတွင်း သူကဲ့သို့ အတိုက်ခိုက်ခံခဲ့ရသူများကို အားကောင်းလာစေသည်။ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု ရရှိလာသည့်အချိန် ၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် တိန့်ရှောင်ဖိန်သည် ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်ကာပူတို့သို့ ခရီးထွက် လည်ပတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုနှင့် တွေ့ဆုံခဲ့သည်။ ထိုခရီးစဉ်အတွင်း စင်ကာပူ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စိမ်းလန်းစိုပြည်မှုနှင့် အိုးအိမ်စီမံကိန်းများကို သဘောကျ နှစ်ခြိုက်ခဲ့သလို လီကွမ်ယု၏ အကြံပြုချက်ဖြစ်သော ကွန်မြူနစ် အတွေးအခေါ်များကို အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့နေမှုကို ရပ်ဆိုင်းရန် ဆိုသည့်ကိစ္စကို နောက်ပိုင်းတွင် လက်ခံခဲ့သည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ၏ ၁၁ ကြိမ်မြောက် ကွန်ဂရက် တတိယအကြိမ် မျက်နှာစုံညီ ဗဟိုကော်မတီ အစည်းအဝေးတွင် မော်စီတုံး၏ ဆိုရှယ်လစ်စနစ်အောက်တွင် လူတန်းစားတိုက်ပွဲ ဆက်လက်ဆင်နွှဲရေးဆိုသည့် လမ်းစဉ် အယူအဆကို ပယ်ဖျက်လိုက်ပြီး ယခင် သမ္မတဟောင်း လျူရှောက်ချီ၏ သဘောတရားဖြစ်သော “ဆိုရှယ်လစ်စနစ်အောက်တွင် လူတန်းစားတိုက်ပွဲမှာ ချုပ်ငြိမ်းသွားပြီဖြစ်၍ လူမှုရေးအင်အားစုများ ကြီးထွားတိုးတက်မှုနောက် လိုက်ပါရန်အတွက် ကုန်ထုတ်လုပ်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်” ဆိုသည့် အယူအဆကို ထောက်ခံ အတည်ပြုလိုက်သည်။ ဆောင်ပုဒ်သစ်မှာ “တရုတ်ပြည်ကို ယခုရာစုနှစ်မကုန်မီ ခေတ်မီ၍ အင်အားပြည့်ဝသော ဆိုရှယ်လစ်နိုင်ငံအဖြစ် ရောက်ရှိအောင် လုပ်ဆောင်ကြ” ဟူ၍ ဖြစ်သည်။ အစည်းအဝေးတွင် မော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ပြောင်ကျကျ ဆုံးဖြတ်ချက်များ မချမှတ်ခဲ့သော်လည်း ဒီမိုကရေစီ အပြည့်အဝမရှိသော (သို့မဟုတ်) စုပေါင်းခေါင်းဆောင်မှု ကင်းမဲ့သည့် သူ၏ခေါင်းဆောင်မှုပုံစံကို တိုက်ခိုက်ဝေဖန်ခဲ့သည်။ အထူးသဖြင့် “မော်၏ လမ်းညွှန်ချက်” ဟုဆိုကာ ညွှန်ကြားချက် ထုတ်ဝေခြင်းကို ဝေဖန်ထောက်ပြရာတွင် “ဗဟိုကော်မတီခေါင်းဆောင် ရဲဘော်များ အပါအဝင် တာဝန်ရှိ ပါတီဝင် ပုဂ္ဂိုလ်တယောက်၏ မည်သည့်တဦးချင်း အမြင်ကိုမျှ “လမ်းညွှန်ချက်ဟု မသတ်မှတ်ရ” ဟုဆိုကာ မော်နှင့် ဟွကော့ဖုန်းတို့၏ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ထူထောင်ခြင်းကို အဆုံးသတ်ခဲ့လေသည်။ “ဥက္ကဋ္ဌကြီးမော်”၊ “ဥက္ကဋ္ဌကြီး ဟွ” ဆိုသော ဝေါဟာရ အသုံးအနှုန်းများကိုပင် ရှောင်ရှားခဲ့သည်။ အစည်းအဝေးတွင် “အချက်အလက်မှ အမှန်ရှာ” ဆိုသည့် ဆောင်ပုဒ်ကို တင်ပြလိုက်ပြီး ယဉ်ကျေးမှုတော်လှန်ရေးကို ငြင်းပယ်ရန် စတင်လုပ်ဆောင်ခဲ့သည်။ မော်နှင့် လေးယောက်ဂိုဏ်းတို့ လွှမ်းမိုးစဉ်က ဆောင်ရွက်ခဲ့သည့် “ကောက်ချက်မှန် ပယ်လှန်သည့် လက်ယာသွေဖည်ရေး အချောင်သမားဝါဒ ဆန့်ကျင်ကြ” ဆိုသည့် တိန့်ရှောင်ဖိန် ဝေဖန်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြောင်ငြင်းပယ်လိုက်သည်။ အဆိုပါလှုပ်ရှားမှုမှာ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း ၁၉၇၅ ခုနှစ် နိုဝင်ဘာလတွင် ဥက္ကဋ္ဌ မော်စီတုံး ဦးဆောင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုတရပ်ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကလည်း တက်တက်ကြွကြွ ထောက်ခံခဲ့ဖူးသည်။ ပါတီတွင်း ထောက်ခံမှုအင်အား တောင့်တင်းလာသော ၁၉၈၀ ပြည့်နှစ်တွင် မော်စီတုံး ရွေးချယ်ထားပေးခဲ့သည့်  ဟွကော့ဖုန်းကို ဝန်ကြီးချုပ်တာဝန်မှ ဖယ်ရှားလိုက်ပြီး ကျောက်ကျိယန်နှင့် အစားထိုးလိုက်သည်။ ၁၉၈၁ ခုနှစ်တွင် ပါတီအကြီးအကဲ တာဝန်ကိုလည်း ဟူယောက်ပန်းအား လွှဲအပ်စေပြီး ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ တာဝန်ကို တိန့်ရှောင်ဖိန်က လက်လွှဲယူလိုက်သည်။  ဟွကော့ဖုန်းမှာ နောက်ဆုံးတွင် The Two Whatevers policy ခေါ် “ဥက္ကဋ္ဌမော် ချမှတ်ခဲ့သည့် ပေါ်လစီမှန်သမျှ ဆုပ်ကိုင်ကြနှင့် ဥက္ကဋ္ဌမော် လမ်းညွှန်ခဲ့မှုမှန်သမျှ မယိမ်းမယိုင် လိုက်နာကြ” ဆိုသည့် ‘မှန်သမျှ နှစ်ခုလမ်းစဉ်’ အမှားကို ကျူးလွန်မိကြောင်း မိမိကိုယ်ကိုယ် ဝေဖန်ရေး လုပ်ရလေတော့သည်။ ဟွကော့ဖုန်းကို ကိုယ်ခန္ဓာ ထိခိုက်နာကျင်စေသည့် ထောင်ဒဏ်အပြစ် မပေးသည့်အပြင် သာမန် ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခွင့်ပေးခဲ့ရာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ၁၆ ကြိမ်မြောက် ပါတီကွန်ဂရက်သို့တိုင် ကြာမြင့်ခဲ့လေသည်။ အကူအညီများလျှော့ချရန် ငြိမ်းချမ်းရေးဖန်တီးခြင်း တရုတ်ပြည်အနေဖြင့် ရာစုနှစ်အကုန်တွင် ခေတ်မီ၍ အင်အားပြည့်ဝသော ဆိုရှယ်လစ်နိုင်ငံတနိုင်ငံ ဖြစ်စေရန် ရည်မှန်းချက်ချမှတ်ပြီး ဖြစ်သည့်အပြင် အရှေ့တောင်အာရှနိုင်ငံများသို့ တော်လှန်ရေး အယူအဆများနှင့် တော်လှန်ရေး စစ်ဘက်ဆိုင်ရာ အကူအညီများ တင်ပို့နေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်လေရာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်များကို ရှင်းပြရန် လိုအပ်လာသည်။ တရုတ်ပြည်အပေါ် ဝန်ထုပ်ဝန်ပိုးကဲ့သို့ ဖြစ်နေသော နိုင်ငံတကာ ညီနောင်ပါတီများသို့ ပေးအပ်နေသည့် အကူအညီ လျှော့ချဖြတ်တောက်ရာတွင် အာဏာရပြီးဖြစ်သော အယ်လ်ဘေးနီးယားပါတီကဲ့သို့ ညီနောင်ပါတီများကို အလွယ်တကူ ဖြတ်တောက်လျှော့ချနိုင်သော်လည်း အရှေ့မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ တရုတ်ပါတီ၏ ပယောဂကြောင့် ဖြစ်ပေါ်ရပ်တည်နေရသော ပါတီများကို အကူအညီ ဖြတ်တောက်ရေးမှာ ထိုမျှလောက် မလွယ်ချေ။ ၎င်းတို့ရင်ဆိုင်နေရသော နိုင်ငံရေးအခြေအနေကိုပါ ကူညီဖြေရှင်းပေးရန် တာဝန်ရှိသည်ဟု ခံယူထားလေသည်။ သို့ဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရန် နှစ်ဖက်လုံးကို တိုက်တွန်းရတော့သည်။ ၁၉၈၀ ပြည့်နှစ် မေလအတွင်း တရုတ်ခေါင်းဆောင်များ၏ ဖိတ်ခေါ်မှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေါလစ်ဗျူရိုအဖွဲ့ဝင်များ ပီကင်းသို့ ရောက်ရှိလာကြရာ ၎င်းတို့နှင့်အတူ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၏ စစ်ရေးအကြံပေးလည်းဖြစ်၊ စကားပြန်လည်း ဖြစ်သူ ရဲဘော်အောင်မြင့် (ခ) ရဲဘော်လိကြူလျဲ့ (ယခု ဝနယ် UWSA တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ) လည်း အတူလိုက်ပါလာရသည်။ အစည်းအဝေးသို့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ကိုယ်တိုင် တက်ရောက်သည်။ ရဲဘော်အောင်မြင့် မှတ်မိသမျှကို စာရေးသူ ကျန်းကျန့်ကျန်းကို ပြောပြချက်အရ…. အစည်းအဝေးတွင် တိန့်ရှောင်ဖိန်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အကြံပြုတိုက်တွန်းသည်။ “ဒါမှသာ အမြင်ချင်း တူနိုင်ကြမယ်။ မြန်မာနိုင်ငံကို အတူလက်တွဲပြီး တည်ဆောက်ကြရမယ်။” တရုတ်ပြည်အနေဖြင့် ဆင်းရဲကျပ်တည်းနေကြောင်း ထပ်တကြိမ် ရှင်းလင်းပြောပြပြီး ပြည်ပအကူအညီပေးမှုကို လျှော့ချလိုကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် တရုတ်ပြည်နှင့် လွတ်ကင်းစွာ ကိုယ့်ထူးကိုယ်ချွန် ရပ်တည်သင့်ကြောင်း ပြောကြားလိုက်သည်။ ထိုအခါ သခင်ဗသိန်းတင်က ဒေါသထွက်သွားပြီး စိုးစဉ်းမျှ အားမနာဘဲ “တရုတ်ကွန်မြူနစ်ပါတီက မာ့က်စ်-လီနင် မူတရပ်ကို သစ္စာဖောက်လိုက်တာပဲ၊ ခင်ဗျားက ပြန်လည်ပြင်ဆင်ရေး လုပ်တယ်။ ကျုပ်က မလုပ်ဘူးဗျ။ ကျုပ်တို့ ဗမာပြည်ကွန်မြူနစ်ပါတီက သေနတ်ကို ဘယ်တော့မှ လက်ကမချဘူး။ ရဲဘော်မော်စီတုံး လမ်းညွှန်တိုက်တွန်းတဲ့ လက်နက်နဲ့ အာဏာကို အရယူဆိုတဲ့ လမ်းကြောင်းအတိုင်း တောင့်ခံပြီး ဆက်လျှောက်သွားမှာပဲ” ဟု ပြောလိုက်သည့်အခါ တိန့်ရှောင်ဖိန်က တခွန်းမျှ ပြန်မပြောတော့ဘဲ အစည်းအဝေးခန်းမှ ပြန်ထွက်သွားလေရာ ထိုနေ့အစည်းအဝေးမှာ စိတ်မချမ်းမြေ့စွာဖြင့် လူစုခွဲလိုက်ရတော့သည်။ ဒုတိယနေ့တွင် တိန့်ရှောင်ဖိန် မလာရောက်တော့ဘဲ လီရှန်းညင့် လာရောက်၍ သခင်ဗသိန်းတင်တို့နှင့် ဆက်လက်ဆွေးနွေးသည်။ လွဲချော်တပ်ထားမိသော အင်္ကျီကြယ်သီးကို ပြင်တပ်ရင်း လီရှန်းညင့်က “မနေ့က ရဲဘော်တိန့်ရှောင်ဖိန် ပြောတဲ့စကားက အကြံပြုချက်သာ ဖြစ်ပါတယ်။ ညီနောင်ပါတီအချင်းချင်း အပြန်အလှန် အကြံပြုတာက သာမန်ဖြစ်ရပ်ပါ။ ရဲဘော်အချင်းချင်း ပဋိပက္ခရှိကြတာကလည်း သဘာဝပဲ မဟုတ်လား။ မြန်မာနိုင်ငံ တော်လှန်ရေး ဘယ်လိုဆင်နွှဲမလဲ၊ ဘယ်လိုလုပ်ကိုင်မလဲ၊ ဒါက ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်တွေ ဆုံးဖြတ်ကြရမယ့်ကိစ္စ မဟုတ်လားဗျာ” ဟု ပြောသောအခါ ဒုတိယဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးက… “ကျနော်တို့နဲ့ အစ်ကိုကြီး တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့ ပကတိအခြေအမြစ်ကို ပိုင်းခြားစိတ်ဖြာလိုက်ရင် အချက်နှစ်ချက် ရှိနေပါတယ်။ ပထမအချက်က အင်တာနေရှင်နယ်ဝါဒနဲ့ တိုင်းချစ်ပြည်ချစ်ဝါဒတို့ ဆက်စပ်ပုံကို ဘယ်နည်းဘယ်ပုံ ဆောင်ရွက်ကြမလဲ။ တရုတ်ပြည်က အရှေ့အရပ်ရဲ့ ဆိုရှယ်လစ်ဝါဒ နိုင်ငံကြီးတနိုင်ငံ ဖြစ်တယ်။ ၅၀ ခုနှစ် ခေတ်အစောပိုင်းကာလတုန်းက တရုတ်ပြည်နဲ့ ဆိုဗီယက်ယူနီယံတို့ လုပ်ငန်းတာဝန် ခွဲဝေဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ဥရောပရဲ့ တော်လှန်ရေးတွေကို အဓိက အားပေးထောက်ခံပြီး တရုတ်ပြည်က အာရှတိုက်နိုင်ငံတွေရဲ့ တော်လှန်ရေးကို အဓိက အားပေးထောက်ခံပါတယ်။ ဒါကြောင့် တရုတ်ပြည်က တလျှောက်လုံး အာရှတိုက် အင်တာနေရှင်နယ် ကွန်မြူနစ်အရေးတော်ပုံကြီးရဲ့ ဗဟိုအချက်အချာ နိုင်ငံကြီးတနိုင်ငံ ဖြစ်ပါတယ်။ ၅၀ ပြည့်နှစ်ခေတ်နောက်ပိုင်းမှာ တရုတ်နဲ့ ဆိုဗီယက်ကွန်မြူနစ် နှစ်ပါတီအကြား သဘောတရားရေးအရ အငြင်းပွားကြပါတယ်။ မျက်နှာပျက်ပြီး အငြိုးအတေးတွေ ရှိလာပါတယ်။ ၆၀ ခုနှစ်ခေတ်ထဲ ဝင်လာတော့ တရုတ်ပြည်က ကမ္ဘာ့တော်လှန်ရေးရဲ့ အချက်အခြာ ဗဟိုချက်မ ဖြစ်လာပါတယ်။ ဒီလိုမျိုး အနေအထားက သမိုင်းကြောင်းနဲ့ သဘာဝ ပထဝီအနေအထားအရ ဖြစ်ပေါ်လာတာပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်း မိမိနိုင်ငံရဲ့ အကျိုးစီးပွားဆိုတာ အားလုံးရှိကြတာက ဓမ္မတာပါပဲ။ နိုင်ငံရေးပါတီတိုင်းမှာလည်း မိမိတို့ရဲ့ ပါတီအကျိုးစီးပွားဆိုတာ ရှိကြတာချည်းပါပဲ။ အခုအခါ တရုတ်ပြည် ကွန်မြူနစ်ပါတီက မိမိပါတီနဲ့ မိမိနိုင်ငံရဲ့ အကျိုးစီးပွားကို အင်တာနေရှင်နယ် နိုင်ငံအသီးသီး၊ ပါတီအသီးသီးတို့ရဲ့ အကျိုးစီးပွားနဲ့ စစ်ရေးမဟာဗျူဟာမှာ ပူးပေါင်းဖို့ တောင်းဆိုပါတယ်။ တရုတ်တော်လှန်ရေးနဲ့ ကမ္ဘာ့တော်လှန်ရေးရဲ့ တခုလုံး အခြေအနေကို နာခံရမယ်ဆိုတာ ကျနော်တို့ နားလည်မှု ပေးနိုင်ပါတယ်ခင်ဗျား။ အိုးထဲမှာ ရှိနေမှသာ ပန်းကန်ထဲမှာ ရှိနိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာလည်း တရုတ်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တို့က ကျနော်တို့ကိစ္စ ကိုင်တွယ်ဆောင်ရွက်တဲ့အခါ နေရာချင်းလဲပြီး စဉ်းစားတွေးတောသင့်ပါတယ်။ မိမိတို့ရဲ့ နိုင်ငံချစ်ဝါဒအပေါ်မှာသာ ရပ်တည်နေဖို့ မသင့်ပါ။ ညီနောင်ပါတီတို့ရဲ့ အကျိုးစီးပွားကို ဆုံးရှုံးစေတာမျိုးက အင်တာနေရှင်နယ်ဝါဒ တာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ပါခင်ဗျား။ ဒုတိယအချက်က မာ့က်စ်ဝါဒရဲ့ သဘောတရားကိုယ်၌က သိမြင်ယူဆချက်ချင်း မတူကွဲလွဲတာကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့က သန့်စင်မွန်မြတ်တဲ့ မာ့က်စ်ဝါဒကို ခိုင်မာစွာ သက်ဝင်ယုံကြည်ပါတယ်။ တိကျတဲ့ လုပ်ငန်းတာဝန်ကို ဆက်လက် ဆောင်ရွက်ရပါဦးမယ်။ ပြန်လည်ပြင်ဆင်ရေးဝါဒနဲ့ တိုးတက်ပြောင်းလဲလာတဲ့ မာ့က်စ်ဝါဒ လမ်းစဉ်အနက် ဘယ်လမ်းကို လျှောက်လှမ်းကြမလဲဆိုတာ ရွေးချယ်ရပါမယ်။ ၁၉၇၈ ခုနှစ်က စတင်ပြီး တရုတ်ပြည် ကွန်မြူနစ်ပါတီက တရုတ်ဝိသေသလက္ခဏာရှိတဲ့ ဆိုရှယ်လစ်လမ်းကြောင်းကို လျှောက်လှမ်းဖို့ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါက ညီနောင်ပါတီရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့က ဟိုလက်ညှိုးထိုး၊ ဒီလက်ညှိုးထိုး အပြစ်တင်ဖို့ မသင့်ပါဘူးခင်ဗျား။ ဒါပေမယ့်လည်း အစ်ကိုကြီးဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီက ကျနော်တို့ ပါတီနှစ်ရပ်ရဲ့ ရာစုနှစ်တဝက်လောက် ကြာခဲ့ပြီဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှုအပေါ် ထောက်ထားပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက အောင်ပွဲရပြီး သမိုင်းမျက်နှာစာသစ် ဖွင့်လှစ်တော့မယ့် အနေအထားမှာ ကျနော်တို့ကို ဆက်လက် ကူညီဖေးမစေလိုပါတယ် ခင်ဗျား။ အခုလို သော့ချက်ကျတဲ့ အခါသမယမှာ နောင်ကြီးတို့ကသာ ကျနော်တို့ကို ဆွဲမတင်ဘူးဆိုရင် မြန်မာပြည်ရဲ့ တော်လှန်ရေးလုပ်ငန်းက ရှေးယခင်က ရရှိခဲ့တဲ့ အကျိုးရလဒ်အားလုံး အချည်းနှီး အလဟဿ ဖြစ်ကုန်မှာ ဖြစ်ပါတယ် ခင်ဗျား” ဟု ပြောဆိုဆွေးနွေးလေသည်။ နောက်ဆုံးတွင် လီရှန်းညင့်က “ကဲ..ကဲ သဘောတရားရေးတွေ ကျနော်တို့ ငြင်းခုံမနေတော့ပါဘူး။ သဘောတရားတရပ် မှန်၊ မမှန်ကို ဆန်းစစ်ခြင်းရဲ့ တခုတည်းသော မှတ်ကျောက်က လက်တွေ့သာ ဖြစ်ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ပြောတဲ့အတိုင်း ဆောင်ရွက်တတ်ပါတယ်။ အဆွေတော်တို့ပါတီက စိတ်ချလက်ချ နေပါခင်ဗျား။ ကျနော်တို့ နှစ်ပါတီရဲ့ ဆက်သွယ်မှုလမ်းကြောင်းကနေ ညှိနှိုင်းထားတဲ့ အချက်အလက်အတိုင်း ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ရဲဘော်ဟောင်းကြီးတွေကို ပစ်မထားပါ၊ ဂရုမစိုက်ဘဲနေမှာ မဟုတ်ပါခင်ဗျား။" ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တို့ တည်းခိုနေထိုင်ရာဆီသို့ ပြန်ခဲ့ကြသည်။ သခင်ဗသိန်းတင်၏ ဒေါသက မပြယ်သေးပါ။ “ကြည့်ရတာ အင်တာနေရှင်နယ်ဝါဒ အရေးတော်ပုံထဲမှာ “အကြီးအကဲပါတီ” “သားငယ်ပါတီ” ဆိုတဲ့ ပြဿနာတွေ တကယ်ပဲ တည်ရှိနေသလားပဲ။ အရင်က ဆိုဗီယက်ကွန်မြူနစ်တို့ကသာ နိုင်ငံကြီးဝါဒ ဆုပ်ကိုင်ထားတယ်လို့ ထင်ထားတာ၊ ခုတော့ တရုတ်ကပါ ညီနောင်ပါတီကို တောင်းဆိုတယ်ဆိုတာ လုပ်လာတယ်။ ဒါ သားအဖြစ် သက်ရောက်သွားမယ်။ သားရယ်လို့ အဖြစ်မခံချင်ရင် အကြီးအကဲရဲ့အစီအမံကို မနာခံတော့ဘူး ဆိုတဲ့သဘော ဖြစ်သွားမယ်။ ဒါမျိုးဖြစ်ဖို့ ကိုယ်ကိုယ်၌က ကြံ့ခိုင်တောင့်တင်းအောင် လုပ်ကြရတော့မယ့်ကိန်း ဆိုက်နေတယ်။" ရဲဘော်စိုးသိမ်း (အရှေ့မြောက်စစ်ဒေသ ဒု-နိုင်ငံရေးမှူး)က ခလောက်-ခလောက် မြည်အောင် ဇက်ကြောကိုချိုးရင်း “တိုက်ကြီးတာကြီးပေါ်မှာ တခမ်းတနားနေနေတဲ့သူက တဲကုပ်အိမ်စုတ်ထဲမှာ နေရသူရဲ့ဒုက္ခကို ဘယ့်နှယ်လုပ်ပြီး ကိုယ်ချင်းစာနိုင်မှာလဲဗျာ။ လူသတ္တဝါတွေဟာ ကိုယ့်အကျိုးမှ ကိုယ် မဆောင်ရွက်ရင် မိုးမြေတို့ပင် ပျက်သုဉ်းချေမည်လို့ ဆိုတယ်မဟုတ်လား။ လူတဦးချင်းက ဒီလိုဖြစ်သလို နိုင်ငံရေးပါတီတွေ၊ တိုင်းနိုင်ငံတွေလည်း ဒီသဘောပဲ ဖြစ်မှာပေါ့ဗျာ။” သခင်ဗသိန်းတင်ကား သက်ပြင်းတချက် ရှိုက်လိုက်လေသည်။ “ကျုပ်ကတော့ အစည်းအဝေးမှာ ဆို့ဆို့နင့်နင့် ဖြစ်လာလို့ တခါထည်း အန်ထုတ်လိုက်တာပါဗျာ။ မပြောမပြီး မတီးမမြည်လေဗျာ။ ကျုပ်တို့က အရာရာမှာ အခြေအနေတရပ်ကြောင့် ဆိုတာကိုချည်း လိုက်နာနေလို့ ဘယ်ဖြစ်မလဲဗျ။ ပါတီကြီးရဲ့ အကျိုးစီးပွားကို နာခံပြီး ကိုယ့်ကိုယ်ကိုယ်တော့ အဆုံးရှုံးခံရမယ်၊ မဟာဗျူဟာပိုင်းမှာ ပေါင်းစပ်ကြမယ်၊ ခယဝပ်တွားလုပ်ရမယ်၊ မှန်ပါ့ဘုရားချည်း လုပ်ရမယ် ဆိုတာမျိုး လုပ်ရမှာလားဗျ။ ကျုပ်တို့ တရုတ်ပြည် ရောက်လာကြတယ်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးကာမှ မြန်မာနိုင်ငံဆီ ပြန်လည်တိုက်ခိုက်ကြမယ့် အခွင့်အရေးကို ရလာခဲ့ကြတယ်။ ကျုပ်တို့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားနဲ့ တိုက်ပွဲဝင်ခဲ့တာ ဘဝတဝက်ကျိုးသွားပါပြီ။ မုတ်ဆိတ် ပါးမြိုင်းမွေးတွေ မရှိရာကနေ ရှိလာကြတယ်။ မုတ်ဆိတ် ပါးမြိုင်းမွေးတွေ မည်းရာကနေ ဖြူဆွတ်လာကုန်ကြပြီလေ။ ခုဒီမှာ ထိုင်နေကြတဲ့ ကျုပ်တို့ ခင်ဗျားတို့ ထပ်ထိုင်နေ၊ ထပ်စောင့်နေကြရဦးမှာလားဗျာ” ဟု ကြေကွဲစွာ ပြောလေသည်။ ထိုအခါ ရဲဘော်ခင်မောင်ကြီးက “အင်္ဂလိပ် နာမည်ကျော် နိုင်ငံရေးသမားကြီးတယောက် ပြောတဲ့ စကားတခွန်း ရှိတယ်ဗျ။ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေ မရှိပါ။ ထာဝရအကျိုးစီးပွားသာ ရှိတယ်တဲ့။ ပျားရည်ဆမ်းကာလ ဆိုတာမျိုးက ယာယီခဏတာကလေးသာ ရှိပါမယ်တဲ့။ ဒီလှိုင်းထိပ် ကျော်လွန်ရင် ချိုင့်အနိမ့်ပိုင်းဆီ ရောက်သွားမှာ ဧကန်ပါပဲတဲ့။ ဒါဟာ အနုပဋိလောမရုပ်ဝါဒပဲဗျ” ဟု ဆိုလေသည်။ နောက်ဆုံးတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဆန္ဒနှင့် တိုက်တွန်းချက်အရ ဦးနေဝင်း အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် သဘောတူရလေတော့သည်။ အခြားတဖက်တွင်လည်း တရုတ်ခေါင်းဆောင်များသည် ဦးနေဝင်းကို ပီကင်းသို့ဖိတ်ခေါ်ကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အကြံပြု တိုက်တွန်းခဲ့လေသည်။ ဤသို့ဖြင့် ၁၉၈၁ ခုနှစ်အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ် လားရှိုးမြို့တွင် ကျင်းပနိုင်ခဲ့ကြသော်လည်း နှစ်ဖက်လုံးမှ အမှန်တကယ် လိုလိုလားလား မရှိကြသဖြင့် အောင်မြင်မှု မရခဲ့ကြပေ။ ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024