Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်  ၂ နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ နှစ်မကုန်ခင် ဖွင့်လှစ်မည်
ပိုင်စိုး
·
November 15, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးတွေကို လာမယ့် ဒီဇင်ဘာမှာ နောက်ဆုံးထား ဖွင့်လှစ်သွားဖို့နဲ့ နယ်ခြားစောင့်တပ်အချင်းချင်း ပုံမှန်အစည်းအဝေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မနေ့က နေပြည်တော်မှာကျင်းပတဲ့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ လေးကြိမ်မြောက် ဗဟိုအဆင့် အစည်းအဝေးမှာ သဘောတူညီမှု ရခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာပါ။ နယ်စပ်ဆက်ဆံရေးရုံးတွေကို မြန်မာဘက်မှာ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က တက်ကနပ်ဖ်မှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းမှူးတွေအနေနဲ့ တလကိုတကြိမ် အစည်းအဝေးလုပ်ဖို့နဲ့ နည်းဗျူဟာအဆင့် အစည်းအဝေးတွေကို ၃ လ တကြိမ် အလှည့်ကျ လုပ်မယ်လို့လည်း သဘောတူခဲ့ကြပါတယ်။ အစည်းအဝေးမှာ မြန်မာဘက်က ARSA နဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေ၊ ဖော်ထုတ် ဖမ်းဆီးပေးရမယ့် အကြမ်းဖက်သမား တရားခံပြေးတွေရဲ့ အမည်စာရင်းတွေ၊ ဓာတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ်ကို ပေးခဲ့ပြီး အမြန်ဆုံး ဖော်ထုတ် လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်စပ်မှာ ပစ်ခတ်မှု ဖြစ်နေတာတွေ၊ မြန်မာဘက်က တရားမဝင်ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်နေတာတွေ၊ နတ်မြစ်အတွင်း အရပ်သားတွေ သွားလာတာကို စစ်ဆေးအရေးယူမှု အခြေအနေ စတာတွေကို ပြန်ပြီးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေအတွက် သတင်းအချက်အလက် ဖလှယ်ရေးဆက်သွယ်မှုစနစ်တခု ထူထောင်ဖို့နဲ့ စံလုပ်ငန်းစဉ်တရပ် ရေးဆွဲဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေအချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်နဲ့ မိသားစုတွေ အပြန်အလှန်လည်ပတ်တာ၊ အားကစားပွဲတွေလုပ်တာ၊ ဘာသာစကား သင်ကြားတာနဲ့ ယဉ်ကျေးမှုဖလှယ်တာတွေ လုပ်ဖို့လည်း ဆုံးဖြတ်ပါတယ်။ ၅ ကြိမ်မြောက် ဗဟိုအဆင့် အစည်းအဝေးကိုတော့ လာမယ့် မေလမှာ ဘင်္ဂလားဒေ့ရှ်က အိမ်ရှင်အဖြစ် လုပ်ဖို့ နှစ်ဖက် ညှိနှိုင်းမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - အောင်ကိုကိုလတ်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024