ယီမင်တွင် အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
2K
ယီမင်နိုင်ငံတောင်ပိုင်း အဒန်ဆိပ်ကမ်းမြို့က စစ်စခန်းတခုအပြင်မှာ နိုဝင်ဘာ ၁၄ ရက်နေ့က အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးသွားပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိသွားပါတယ်။
ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် အစ္စလာမ္မစ်အဖွဲ့က ပြောပါတယ်။
အခုဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်စခန်းဟာ ဒေသခံ လုံခြုံရေးတပ်ဖွဲ့ အသုံးပြုတဲ့ စခန်းတခု ဖြစ်ပါတယ်။
အဲဒီ လုံခြုံရေးတပ်ဖွဲ့ဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အသေခံကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အဆောက်အဦတလုံး ပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အသေခံ ကားဗုံးဖောက်ခွဲသူဟာ အဘူဟာဂျာ အယ်လ်အဒါနီဆိုသူဖြစ်တယ်လို့ အိုင်အက်စ် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို အစ္စလာမ္မစ် စစ်သွေးကြွတွေက အမြတ်ထုတ် အသုံးချခဲ့ကြပြီး သူတို့ရဲ့ ခြေကုပ်နယ်မြေတွေ ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ယီမငနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံအနီး အာရေဗျကျွန်းဆွယ်မှာ တည်ရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။