Live
Home
မြန်မာသတင်း
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မြန်မာတနိုင်လုံး စတင်ထိုးပေး
ဆုဆုသွယ်
·
November 15, 2017
မြန်မာတနိုင်ငံလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စပြီး ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေမှာ ပိုမိုအဖြစ်များပြီး ရောဂါဖြစ်ပွားပါက သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာတဲ့အခါမှာလည်း ကိုယ်အင်္ဂါ မသန်စွမ်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် တနိုင်ငံလုံးမှာ အခုလို ကာကွယ်ဆေးတွေကို ထိုးပေးနေတာပါ။ ဒီကာကွယ်ဆေးကိုတော့ တနိုင်ငံလုံးက အသက် ၉ လမှ အသက် ၁၅ နှစ်အထိ ကလေး ဦးရေ ၁၅ သန်းနီးပါးကို ထိုးပေးသွားမှာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ကလေးဦးရေ ၁၆ သိန်းကို ထိုးပေးမှာဖြစ်ပြီး တနိုင်ငံလုံး အများဆုံး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးရာမှာ ကျောင်းအခြေပြုအနေနဲ့ အခြေခံပညာစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုးပေးမှာဖြစ်ပြီး ရပ်ကွက်အခြေပြုအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုးပေးသွားမှာပါ။ ဒီရောဂါဟာ မြန်မာနိုင်ငံမှာနှစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တို့မှာ အများဆုံး ဖြစ်ပွားခဲ့တဲ့ အကြောင်းနဲ့ ၂၀၁၆ ခုနှစ် စာရင်းအရ လူနာ ၃၉၃ ယောက်မှာ ရောဂါဖြစ်ခဲ့တယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၊ စီမံချက်မန်နေဂျာ၊ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ဒီဗွီဘီကို ပြောပါတယ်။ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက် အပြင်းဖျား၊ ချမ်းတုန်၊ ခေါင်းကိုက်၊ မောပန်းနွမ်းနယ်တာ၊ ပျို့တာနဲ့ အော့အန်တာတွေ ခံစားရပြီး  ရောဂါအခြေအနေ ဆိုးရွားတဲ့အခါ တက်တာ၊ အကြောဆွဲတာတွေ ဖြစ်နိုင်သလို တချို့လူနာတွေကတော့ သတိလစ် မေ့မြောတာနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးက ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးနိုင်ဖို့အတွက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီပေးတာဖြစ်ပြီး တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၆ သန်း ကုန်ကျတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024