Home
မြန်မာသတင်း
ကလေးမြို့တွင် မီးမတော်တဆမှုကြောင့် ဆိုလာမီးများ အသုံးပြုမှု ဂရုစိုက်ရန် ပညာပေးပြုလုပ်မည်
DVB
·
November 15, 2017
ကလေးမြို့နယ်အတွင်းက ရပ်ကွက်တွေမှာ တပတ်အတွင်း မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုတွေဟာ ဆိုလာဘက်ထရီကတဆင့် ဖြစ်ပွားခဲ့တဲ့အတွက် ကလေးမြို့နယ်အတွင်း ဆိုလာမီး အသုံးပြုသူတွေကို ဆိုလာမီးအသုံးပြုတာ ပညာပေးတာတွေကို ကလေးမြို့နယ် မီးသတ်တပ်ဖွဲ့က ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ မြို့နယ်မီးတပ်တပ်ဖွဲ့ ဦးစီးမှူး အောင်ကိုဌေးက ပြောပါတယ်။ “လူတွေ တော်တော်များများမှာ ဆိုလာ ဝယ်ပြီဆို လျှပ်စစ်ဌာနကို ခေါ်ပြီး ကြီးကြပ်တပ်ဆင်တာ မရှိဘူး။ နောက်ပြီး ဘက်ထရီကို တနှစ်လည်း မလဲ၊ နှစ်နှစ်လည်း မလဲ သုံးကြတယ်။ အဲဒါတွေကို လိုက်ပြီး စစ်ဆေးတဲ့အခါ ပြောပြမယ်။ ပညာပေးမယ်။ အများအားဖြင့် မီးလောင်မှုမှာ သုံးတဲ့ ဘက်ထရီ အား အနည်း အများပေါ် မူတည်ပြီး ဖြစ်ပွားမှု ပမာဏ ကွာတယ်” လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး အောင်ကိုဌေးက ပြောပါတယ်။ အခု နိုဝင်ဘာလအတွင်း ပြီးခဲ့တဲ့ ၃ ရက်ခန့်က ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်မှာ ဆိုလာမီးကြိုးကတဆင့် အနည်းငယ် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး ၁၄ ရက်နေ့မှာတော့ ဒိုးဝိုင်းချောင်းဘက်က နေအိမ်တအိမ်ရဲ့ အပေါ်ထပ်တခုလုံးကိုလည်း ဆိုလာမီးကြောင့် လောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ဆိုလာမီးကြောင့် မီးလောင်ကျွမ်းမှု ဖြစ်လာတဲ့အတွက် ဆိုလာမီး သုံးသူတွေကို ဆိုလာ ဘက်ထရီနဲ့ ပတ်သက်ပြီး သတိထား သုံးစွဲကြဖို့လည်း ကလေးမြို့ ရဲတပ်ဖွဲ့က သတိပေးမှုတွေ ဆောင်ရွက်နေပါတယ်။ “မီးလောင်မှုတွေမှာ ဆိုလာနဲ့ ဘက်ထရီအားနဲ့ ကိုက်ညီတာ မရှိတဲ့အတွက် မီးလောင်တာက တခု၊ နောက်တခုကတော့ ဆိုလာနဲ့ ဘက်ထရီကြားမှာ မီးဖြတ်စက်ပေါ့နော်။ မီးအားများရင် မီးဖြတ်ပေးမယ့် စက်တွေ မတပ်ဆင်တာကြောင့် မီးလောင်တယ်လို့ ကျနော်တို့ အကြမ်းဖျင်း သုံးသပ်ရတယ်ပေါ့နော်။ ဒါကြောင့် ဆိုလာသုံးသူတွေကို ဘက်ထရီနဲ့ ဆိုလာကြား မီးဖြတ်စက် တပ်ဆင်ကြဖို့နဲ့ မီးကြိုးတွေကို ဂရုစိုက်ကြဖို့ နှိုးဆော်နေပါတယ်” လို့ ကလေးမြို့နယ် ရဲတပ်ဖွဲ့က ရဲအုပ်လှဟန်က ဆိုပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း မီးနှစ်ကြိမ်လောင်မှုမှာ ပထမ အင်ဒိုင်းကုန်းရပ်ကွက်မှာ မီးလောင်မှုကတော့ ဆုံးရှုံးမှုပမာဏ များပေမယ့် ၁၄ ရက်နေ့ လောင်ကျွမ်းမှုမှာတော့ အိမ်အပေါ်ထပ်တထပ်လုံး မီးလောင်သွားတဲ့အတွက် တန်ဖိုး ငွေကျပ် ၁ သိန်းကျော် ဆုံးရှုံးမှု ရှိတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024