ကချင်ပြည်နယ်တွင်း ပြေးဆွဲနေသည့် ကားလိုင်းများကို ပိတ်
DVB
·
April 6, 2012
ကချင်ပြည်နယ်အတွင်းမှာ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း ၁၇ လိုင်းကို သင်္ကြန်အပြီးမှာ ပိတ်ပစ်ဖို့ ပြည်နယ်အစိုးရကနေ ညွှန်ကြားထားတယ်လို့ မော်တော်ယာဉ် ဂိတ်မှူးတွေက ဒီဗွီဘီကိုပြောပါတယ်။
မူလပြေးဆွဲနေတဲ့ ကားလိုင်း ၁၇ လိုင်းကို ဖျက်သိမ်းပြီး ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ မနော်ဧရာ ကားလိုင်းအောက်ကနေ မော်တော်ယာဉ်တွေ ပြေးဆွဲရမယ်လို့ ၁၇ လိုင်းက ဂိတ်မှူးတဦးဖြစ်တဲ့ ဦးဌေးလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
“အစတုန်းကတော့ မတ်လကုန်ရင် စနားဖို့ဆိုပြီးတော့ နှုတ်မိန့်ပေးပြီး စာကတော့ နောက်မှထွက်တယ်။ အဲဒီလို စာတွေထွက်ပြီးတော့ ဧပြီ ၁ ရက်နေ့ကို ဗဟိုဦးစီးစနစ်နဲ့ ကချင်ပြည်နယ် အစိုးရလက်အောက်ခံ မထသ အဖွဲ့အစည်းကနေ ဖွဲ့စည်းပေးလိုက်တဲ့ အသင်းလေးသင်းရှိတယ်။ အသင်းက ကျနော်တို့ဒီအသင်းကို ၁၇ သင်းကိုပိတ်တဲ့ အသင်းက မနောဧရာအသင်း၊ အသင်းရဲ့လက်အောက်မှာ မဝင်မနေရနဲ့ သူ့ရဲ့ဗဟိုဦးစီးစနစ်၊ သူတသင်းထဲမှာပဲ ရှိသလောက် တလိုင်းထဲ ပြေးရမယ်။ မနောဧရာ လက်အောက်ခံပဲ။ ပူတာအိုပြေးမယ်ဆိုလည်း အစီး ၅၀ ရှိရင် အဲဒီအသင်းလက်အောက်မှာပြေးရမယ်။”
မော်တော်ကားလိုင်း ၁၇ သင်းကနေ မော်တော်ယာဉ်အစီးရေ ၃၂၀ နဲ့ ပြည်နယ် မြို့တော် မြစ်ကြီးနားကနေ ဖားကန့်၊ တနိုင်း၊ ဟိုပင်း၊ မိုညှင်းနဲ့ ပူတာအို မြို့တွေဆီကို ပြေးဆွဲနေတာပါ။ ပိတ်ခံရတော့မယ် မော်တော်ယာဉ်လိုင်း ၁၇ လိုင်းဟာ ပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေးနဲ့စီမံကိန်း ဦးစီဌာနကနေ ဖွဲ့စည်းပေးထားတဲ့ မော်တော်ယာဉ်လိုင်းအသင်းတွေလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ် ပိုင်ရှင်တွေကလည်း ကား ၁ စီးကို အသင်းဝင်ကြေး ၂ သိန်းနဲ့ နှစ်စဉ်ကြေး ၂ သိန်းခွဲ ပြည်နယ်အစိုးရပိုင် မနော်ဧရာ ကားအသင်းကို ပေးရမယ်လို့ မော်တော်ယာဉ် ပိုင်ရှင်တွေက ပြောကြပါတယ်။
“မနောဧရာ အောက်ကို ဝင်ပြေးရမယ်ဆိုရင် ကျနော်တို့ကို မှီခိုနေတဲ့ ပုဂ္ဂလိက မိသားစုတွေရှိတယ်။ သဘောက အသင်းတသင်းထဲမှာဆိုရင် တနိုင်းမှာလည်း ဂိတ်ရှိတယ်။ ဖားကန့်မှာလည်း ဂိတ်ရှိတယ်။ မိသားစု အလုပ်သမားတွေ၊ အနည်းဆုံး ၁၄ သင်းဆိုရင် အိမ်ထောင်စု ၃၀၀ လောက် ဒုက္ခရောက်နိုင်တယ်။”
ကချင်ပြည်နယ် နေရာအနှံပြေးဆွဲမယ် မနော်ဧရာ မော်တော်ယာဉ်လိုင်းကို ပြည်နယ်အစိုးရ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဦးညွှန်အောင်ကနေ ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။