Home
မြန်မာသတင်း
ARSA အကြမ်းဖက်တရားခံတွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 15, 2017
ARSA အကြမ်းဖက်တရားခံတွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ ရောက်ရှိနေတဲ့သူတွေကို အမြန်ဆုံး ပြန်လက်ခံပေးဖို့  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့ အပြန်အလှန် တောင်းဆိုပါတယ်။ စတုတ္တအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေရာမှာ တောင်းဆိုလိုက်တာပါ။ နိုင်ငံဖြတ်ကျော်မှုခင်းဌာန ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က “ဘင်္ဂလားဒေ့ရှ်ဘက် ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ တရားမဝင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ နယ်စပ်စည်းမျဉ်း ချိုးဖောက်တဲ့ ကိစ္စရပ်တွေကို နှစ်ဖက်စလုံးက ထိန်းသိမ်းဖို့ဆိုတဲ့ ကိစ္စရပ်တွေကို အဓိက ပြောပါတယ်။ သူတို့ရဲ့ လိုလားချက်ကတော့ အကြမ်းဖက်ဖြစ်စဉ်ကြောင့် သူတို့ဆီကို ရောက်ရှိနေတဲ့သူတွေကို မြန်မာအစိုးရအနေနဲ့ရော ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ရော နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ရော အမြန်ခေါ်ယူနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးပါ ဆိုတာလေး တိုက်တွန်းလာပါတယ်”လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံဘက်ကနေ ရာဘစိတ်ကြွဆေးတွေ ဝင်နေတဲ့ ကိစ္စတွေကို ပူးပေါင်းဖြေရှင်းဖို့နဲ့ ထွက်ပြေးလာသူတွေကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အဘူဟိုစိန်က “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ အကြမ်းဖက်မှုတွေ မှောင်ခိုမှုတွေ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားနေတဲ့ ကိစ္စရပ်တွေကို ကျနော်တို့ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားပြီးတော့ ပြန်လာမယ့် ကိစ္စတွေဟာ အခု ကျနော်တို့ နှစ်နိုင်ငံ အခြားမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်”လို့ အစည်းအဝေးမှာ ပြောပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက ရဲဦးစီးအရာရှိချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ထွေ/အုပ်ဦးစီးဌာန၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးက တွဲဖက် ညွန်ကြားရေးမှူးချုပ်၊ ကော့ဘဇားမှ ဒုညွှန်ကြားရေးမှူးချုပ် (ခေတ္တ ဒေသကွပ်ကဲရေးမှူး)၊ နယ်ခြားစောင့်တပ်ဖွဲ့ဌာနချုပ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024