ဘင်္ဂါလီရွာသားများကို ဥပဒေမဲ့ ပစ်ခတ်ခြင်းမရှိဟု တပ်မတော် စုံစမ်းစစ်ဆေးထုတ်ပြန်
DVB
·
November 14, 2017
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်တွေမှာ အပြစ်မဲ့ ဘင်္ဂါလီ ရွာသူရွာသားတွေကို ဥပဒေမဲ့ ပစ်ခတ်တာ မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တာပါ။
စစ်ဆေးတွေ့ရှိချက်တွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်အမိန့်နဲ့ ညွှန်ကြားချက်တွေအပြင် မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်ရာမှာ လိုက်နာကျင့်သုံးရမယ့် ဥပဒေသ (Rule Of Engagement-ROE) ပါ အချက်တွေကို ခေါင်းဆောင်ပိုင်းမှစပြီး လက်အောက်တပ်သား အဆင့်ထိ သိရှိ လိုက်နာဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထိတွေ့မှုဖြစ်ပွားတဲ့ ကျေးရွာတွေမှာ ARSA အကြမ်းဖက်သမားတွေကိုသာ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနဲ့ အပြစ်မဲ့ ဘင်္ဂါလီ ရွာသူရွာသားတွေကို ဥပဒေမဲ့ ပစ်ခတ်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ကြီး၊ လောင်ချာ၊ လက်ပစ်ဗုံးတွေ လုံးဝ သုံးစွဲခဲ့ခြင်းမရှိဘဲ လက်နက်ငယ်နဲ့သာ ပစ်ခတ်ခဲ့ပြီး အင်အားအချိုးမညီစွာ သုံးစွဲခဲ့ခြင်း (Use of excessive force) မရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်သမားတွေကို ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ (Persecution) မရှိကြောင်း၊ ရှာဖွေဖော်ထုတ်ဖမ်းဆီးရာမှာ ဂျီနီဗာကွန်ဗန်းရှင်းပါ ဥပဒေသတွေ၊ စစ်ပွဲဆိုင်ရာ ဥပဒေနဲ့အညီ ဖော်ထုတ် ဖမ်းဆီးခဲ့သလို အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတို့ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်မှ လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide) နှင့် လူမျိုးတုံး သန့်စင်ခြင်း (Enthnic Cleansing) တွေ ပြုလုပ်နေသယောင် စွပ်စွဲပြောဆိုနိုင်ဖို့ ARSA ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လုပ်ကြံ ဖန်တီးခဲ့တာ တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နယ်မြေရှင်းလင်းမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မွတ်စလင်တွေအပေါ် လူမျိုးတုံး သန့်စင်မှုတွေ ရှိခဲ့သလို အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ဆက်တိုက် စွပ်စွဲပြောဆို ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဒီကိစ္စဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေကို သွားရောက်ခဲ့ပြီး စုစုပေါင်း ရွာသူရွာသား ၃၂၁၇ ဦးကို တွေ့ဆုံမေးမြန်းခဲ့ကာ အသိသက်သေ စုစုပေါင်း ၈၀၄ ဦး တို့ရဲ့ သက်သေထွက်ဆိုချက်တွေကို ရယူခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့ စက်တင်ဘာလ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ် ဖြစ်စဉ်တွေအတွင်း ARSA အလောင်း ၃၇၆ လောင်း၊ ဖမ်းဆီးရမိ ၇၈ ဦး ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံး ၁၃ ဦး၊ ဒဏ်ရာရ ၁၅ ဦး၊ ပျောက်ဆုံး ၁ ဦး ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - CINCDS