A d v e r t i s e m e n t With Us

စပိန်နွားရိုင်းသတ်ပွဲအတွင်း နွားသိုးဦးချိုများကို မီးရှို့ဖျော်ဖြေမှု ဝေဖန်ခံရ

ဓာတ်ပုံ - ဒေးလီးမေရာ
စပိန်နိုင်ငံ မက်ဒရစ်မြို့ အရှေ့မြောက်ဘက် မိုင် ၁၀၀ အကွာက တောင်ပေါ်ရွာမှာ ကျင်းပတဲ့ နွားရိုင်းသတ်ပွဲအတွင်း ကြည့်ရှုတဲ့ပရိသတ်တွေကို ဖျော်ဖြေဖို့ နွားသိုးတွေရဲ့ ဦးချိုအတုတွေပေါ်မှာ မီးရှို့ပြီး နှိပ်စက်ခဲ့တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။ နွားသိုးရဲ့ ဦးချိုနားမှာ ဦးချိုအတုတစုံ တပ်ဆင်ပြီး မီးရှို့ကာ နွားသိုးတွေရဲ့ မျက်လုံးတွေကို မီးပွင့်တွေနဲ့ တောက်ပစေပြီး နားတွေကို မီးတောက်သံတွေ ကြားစေကာ အသက်ရှူလမ်းကြောင်းကို မီးခိုးတွေနဲ့ ဖြစ်စေခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က နွားရိုင်းသတ်ပွဲတွေ ပိတ်လိုက်တာက နိုင်ငံရေးပြုပြင်မှု မှားယွင်းတယ်လို့ မှတ်ချက်ပေးပြီးနောက် အခု နွားရိုင်းသတ်ပွဲအတွင်း နွားသိုးတွေရဲ့ ဦးချိုအတုတွေမှာ မီးရှို့ဖျော်ဖြေခဲ့ကြတာပါ။ နွားရိုင်းသတ်ပွဲတွေက နွားသိုးတွေရဲ့ အင်အားကိုပြသဖို့ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိနေတဲ့ ရှေးဟောင်းရိုးရာပွဲဖြစ်ပြီး ဒီပွဲတွေမှာ နွားသိုးတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရပါတယ်။ ဒါကို ဆန့်ကျင်ဆန္ဒပြဖို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒီပွဲတွေကို သွားရောက်ကြတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေအပါအဝင် လူ ၁၃၀၀ လောက် လာရောက်ကြည့်ရှုနေတဲ့ အားကစားရုံထဲက တိုင်တတိုင်မှာ နွားသိုးရဲ့ဦးခေါင်းကို ကြိုးနဲ့တွဲချည်ပြီး နွားသိုးတွေရဲ့ ဦးချိုနား ကတ္တရာသုတ်ထားတဲ့ အဝတ်တွေနဲ့ ဖုံးအုပ်ထားတဲ့ သံဦးချိုအတုတစုံကို တပ်ဆင်မီးရှို့ပြီး နွားသိုးကို ကြိုးဖြေပေးလိုက်ချိန်မှာတော့ လူအုပ်ကြီးရဲ့ အော်ဟစ်အားပေးသံကို ကြားရပါတယ်။ ကွင်းထဲ ဦးခေါင်း မီးမြှိုက်ခံထားရတဲ့ နွားသိုးက ခန္ဓာကိုယ် တွန့်လိမ်ယိုင်ထိုးပြီး သွားနေတာကို လူတွေက လက်ခုပ်သြဘာပေးနေပြီး နွားသိုးက မြေကြီးထဲ ဦးခေါင်းကို ထိုးထည့်လိုက်ချိန်မှ ဦးချိုအတုတဖက်က မီးသေသွားကာ စက္ကန့်ပိုင်းအကြာမှာ တခြားဦးချိုတဖက်ကမီးလည်း ငြိမ်းသွားပါတယ်။ အဲ့ဒီအချိန်မှာ ပရိသတ်တွေဆီက လှောင်ပြောင်အော်ဟစ်သံတွေ ကြားရပါတယ်။ မိနစ် ၃၀ လောက်အကြာမှာ ပင်ပန်းနွမ်းနယ်နေတဲ့ နွားသိုးကို အဝေး ခေါ်ဆောင်သွားပြီး ပွဲကြည့်ပရိသတ် အမျိုးသမီးတဦးက တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတဦးကို “စိတ်မပူပါနဲ့၊ နွားတွေက ပြီးရင် လယ်ထဲကို ပြန်သွားကြမှာ” လို့ ဆိုပါတယ်။ စပိန်မြို့တော်ဝန်က ဒေသခံလူမှုအသိုင်းအဝိုင်းက ထောက်ခံလို့ ဒီလုပ်ရိုးလုပ်စဉ်ပွဲတော်ကို ဆက်လက်ထားရှိသွားမယ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောပေမယ့် စပိန်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့-ပက်မာ (Pacma) ကတော့ ဥပဒေအရ ဒီပွဲတွေကို ရပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။ စပိန်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ဝင်တွေက နွားရိုင်းသတ်ပွဲ တားမြစ်မှုကို ဆန့်ကျင်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကို ဝေဖန်လိုက်ပြီး ဒီပွဲတွေကို စပိန်နိုင်ငံရဲ့ မြို့နယ် ၁၀၀ ကျော်မှာ ပိတ်ပင်တားဖြစ်ဖို့ ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ နိုင်ငံအတွင်း မဲပေးဆုံးဖြတ်မှုအရ စပိန်လူမျိုး ၇၆ ရာခိုင်နှုန်းက နွားရိုင်းသတ်ပွဲတွေကို စိတ်ဝင်စားမှုမရှိဘဲ ဒီပွဲတွေအတွက် လူထုရဲ့ငွေတွေ သုံးစွဲနေမှုအပေါ်လည်း ဆန့်ကျင်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up