A d v e r t i s e m e n t With Us

ထိုင်းတွင် ဥပဒေမဲ့လုပ်ရပ်များ ဆောင်ရွက်နေသည့် နိုင်ငံခြားသားများအား အရေးယူမည်

ဓာတ်ပုံ - တီနယူးစ်
ထိုင်းနိုင်ငံထဲ ဗီဇာအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားမယ်လို့  ထိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ အပြောကို ကိုးကားပြီး နိုဝင်ဘာ ၁၂ ရက် တီနယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ သြဇာရှိတဲ့ နိုင်ငံခြားသားတချို့လည်း ပါဝင်ပြီး မာဖီးယားဆန်ဆန် ဥပဒေမဲ့လုပ်ရပ်တွေဟာ ထိုင်းနိုင်ငံရဲ့ လူမှုစီးပွားရေးပုံရိပ်ကို အကျည်းတန်စေသလို လုံခြုံရေးကိုလည်း ထိပါးစေကြောင်း၊ ဥပဒေမဲ့လုပ်ရပ်တွေ အရင်က နှိမ်နင်းမှုရှိခဲ့သလို ဆက်ပြီး ထိရောက်စွာဆောင်ရွက်ဖို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး ပြောခွင့်ရ ဗိုလ်မှူးကြီး ခုမ်းချိတ် တုန့်တဝါနစ်က သတင်းထောက်တွေကို ပြောပါတယ်။ တချို့နိုင်ငံခြားသားတွေဟာ အလည်အပတ်ဗီဇာနဲ့ ရောက်ရှိလာပြီး ထိုင်းရောက်တော့ ပုံစံအမျိုးမျိုးနဲ့ ဗီဇာသက်တမ်းတိုးတာ၊ တချို့လည်း သက်တမ်းကုန်နေတာတွေ တွေ့ရှိရကြောင်း၊ စာရင်းဇယား စစ်ဆေးချက်အရ Over Stay (ဗီဇာသက်တမ်းလွန်) နိုင်ငံခြားသား တသိန်းနီးပါး  တွေ့ရှိရကြောင်း၊ ဒါကြောင့် ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ရာဇဝတ်မှု၊ ဥပဒေမဲ့လုပ်ရပ်တွေ  ထုတ်ဖော်အရေးယူဖို့၊ ဥပဒေမဲ့ နိုင်ငံခြားသားတွေဆီက လာဘ်ယူပြီး အားပေးကူညီတဲ့ ထိုင်း အကျင့်ပျက်ဝန်ထမ်းတွေကိုလည်း ဖော်ထုတ်အရေးယူဖို့၊ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့၊ ပြည်သူတွေကလည်း ပူးပေါင်းပါဝင် သတင်းပေးဖို့ ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားတယ်လို့ ဗိုလ်မှူးကြီး ခုမ်းချိတ်က ဆက်ပြောပါတယ်။ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားတွေဟာ အထူးသဖြင့် ဘန်ကောက် ယာနာဝါ၊ ဖရခနုန်၊ အွန်နွတ်၊ ရမ်ခမ်းဟိုင်နဲ့တကွ နယ်စပ်ဒေသတွေဖြစ်ကြတဲ့ ချင်းမိုင်၊ ပတ္တယား၊ ဆုန်ခလာ၊ ဖူးခက်၊ ကော့စမွီ စတဲ့နယ်မြေတွေမှာ ရှိနေကြောင်း၊ သူတို့တွေဟာ ဂိုဏ်းထောင်ပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာမှု၊ နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းအတုပြုလုပ်မှု၊ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှု စတဲ့ အမှုအခင်းတွေနဲ့ ပတ်သက်နေပြီး လောလောဆယ် နိုင်ငံခြားသားပေါင်း အယောက် ၃၀၀ ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ဗိုလ်မှူးကြီး ခုမ်းချိတ်က ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up