ရုရှားမီဒီယာများကို အမေရိကန် ကန့်သတ်မှု စိတ်ပျက်ဟု ပူတင် ပြော

ဓာတ်ပုံ - ရိုက်တာ
2.6K
ရုရှားမီဒီယာတွေကို ကန့်သတ်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို တိုက်ခိုက်တာပဲလို့ ရုရှားသမ္မတက အမေရိကန်ကို ဝေဖန် ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပိုင်နက်ထဲမှာ ရုရှားမီဒီယာတွေရဲ့ လုပ်ငန်းကို အမေရိကန်က ကန့်သတ်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
ရုရှားတူဒေး ရုပ်သံဌာနအပေါ် အမေရိကန်ရဲ့ ကန့်သတ်ပိတ်ပင်မှုက သဘာဝကျပေမယ့် နည်းနည်း ပြင်းထန်လွန်းတယ်၊ တုံ့ပြန်ရေး လုပ်ဆောင်ချက်တွေအတွက် ရုရှားလွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်လို့လည်း ပူတင်က ပြောပါတယ်။
အမေရိကန်နဲ့ တခြား နိုင်ငံခြားမီဒီယာတွေကို နိုင်ငံခြားသူလျှိုတွေအဖြစ် ကြေညာနိုင်တယ်၊ သူတို့ရဲ့ ရန်ပုံငွေ ဘဏ္ဍာရေးနဲ့ ဝန်ထမ်းအသေးစိတ် အပြည့်အဝကို မဖြစ်မနေ၊ မလုပ်မနေ ပုံမှန်ကြေညာရမယ်လို့ ရုရှားလွှတ်တော်က နိုဝင်ဘာ ၁၀ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။
ရုရှားမီဒီယာတွေက ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အတည်ပြုချက် မရှိဘူးဆိုတာ အာရုံစိုက်အောင် ထပ်ပြောချင်တယ်၊ ဒါဟာ မဖြစ်နိုင်ဘူးလို့လည်း ပူတင်က ပြောပါတယ်။
ပူတင်ရဲ့ ဆွေမျိုးတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရနဲ့ ဆက်သွယ်ရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေက မမှန်ဘူး၊ လက်ရှိသမ္မတကို တိုက်ခိုက်ဖို့ ဆန္ဒရှိသူတွေရဲ့ အတင်းအဖျင်းပဲ၊ ဒါဟာ စိတ်ပူရမယ့်ကိစ္စလည်း မဟုတ်ဘူး၊ သူတို့ဘာသာ ရှင်းပါလေ့စေလို့လည်း ပူတင်က သတင်းစာရှင်းလင်းပွဲထဲမှာ ပြောခဲ့ပါတယ်။