အစိုးရနှင့် ဝ ၊ မိုင်းလားတပ်ဖွဲ့တို့ တွေ့ဆုံ၊ နယ်မြေဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
November 13, 2017
အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေ တွေ့ဆုံပြီး နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ မိုင်းလားတပ်ဖွဲ့ ပြောခွင့်ရသူ ဦးကြည်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်တို့ နိုဝင်ဘာ ၁၂ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
“ပညာရေးတို့ ကျန်းမာရေးတို့ သစ်တော ပတ်ဝန်းကျင် အဲဒီဌာနတွေ ပါတယ်၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ လုပ်တယ်၊ အားလုံး တည်ငြိမ်းအေးချမ်းပြီးတော့မှ ဖွံ့ဖြိုးရေးလုပ်ဖို့ ကောင်းတယ် ဆိုတော့ အဓိက အဲဒါ ဆွေးနွေးပြီးမှ ဒီ မနက်တော့ ကျိုင်းတုံဘက်ကို ထွက်သွားကြတယ်။”
အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၁၁ရက်မှာ "ဝ"ပြည်နယ် UWSA ဌာနချုပ် ရှိရာ ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး အဲဒီမှာလည်း “ဝ”တပ်ဖွဲ့နဲ့ အဓိကအားဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယုံကြည်မှု အပြန်အလှန် တည်ဆောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ လာရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
"ဝ"ပြည်နယ် UWSAနဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ တရုတ်နိုင်ငံအစိုးရရဲ့ တိုက်တွန်းချက်နဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြပြီး လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုကို ဦးဆောင်နေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။
အစိုးရက တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဒီဇင်ဘာမှာ လုပ်ဖို့ စီစဉ်ထားပြီး အဲဒီညီလာခံတက်ဖို့ အခု ခရီးစဉ်မှာ “ဝ"ပြည်နယ် UWSA နဲ့ မိုင်းလားတပ်ဖွဲ့တို့ကို သွားရောက်ဖိတ်ကြားတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ်ပါတယ်။
ဓာတ်ပုံ - Nyi Rang