Home
မြန်မာသတင်း
ကျွန်းအချို့ကို ပုလဲလုပ်ငန်းက ဝင်ခွင့်မပေး၍ မြိတ်ခရီးသွားလုပ်ငန်း ကျဆင်းနေဟုဆို
DVB
·
November 13, 2017
အခုနှစ် ခရီးသွားရာသီမှာ လှပတဲ့ ကျွန်းတချို့ကို ပုလဲလုပ်ငန်းတွေက ဝင်ခွင့်မပေးလို့ မြိတ်ဒေသ ခရီးသွားလုပ်ငန်း ကျဆင်းနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။ မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတချို့မှာ ဧည့်သည်တွေအတွက် ပို့ဆောင်ဖို့ ကျွန်းတွေ တဖြည်းဖြည်း နည်းပါးလာတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရပြီး ဝေးလံတဲ့ ကျွန်းတွေကို သွားရောက်ပို့ဆောင်နေရတယ်လို့ သိရပါတယ်။ “အရင်က ခရီးသွားလုပ်ငန်းမှာ မြိတ်အများပိုင်နဲ့ မားဂွီးဆာကူရာ ခရီးသွားလုပ်ငန်းဆိုပြီး ၂ ခုပဲရှိခဲ့တယ်။ အခု ဒေသခံလုပ်ငန်းရှင်တွေ ထောင်ထားတဲ့ ခရီးသွားလုပ်ငန်းက ၃၀ ကျော်ရှိနေပြီ။ လေးကျွန်း၊ ကျောက်ငါးဖောင်တွေဘက်ကို သွားတဲ့ခရီးစဉ်က တကြောင်း၊ ဒုံးကျွန်းဘက်ကို သွားတဲ့ ခရီးစဉ်က တကြောင်းပေါ့။ ဒုံကျွန်းဘက်မှာဆိုရင် မော်ကင်းလို့ခေါ်တဲ့ ဆလုံရွာ ရှိတယ်။ မြန်မာ၊ ကရင်၊ ဆလုံတိုင်းရင်းသားတွေရဲ့ နေထိုင်ပုံကို တွေ့နိုင်မယ်။ ဒီဘက်မှာတော့ ခရီးစဉ်တွေ နည်းနည်းများတာပေါ့။ ပြီးခဲ့တဲ့နှစ်က အတော်လေး ကျော်ကြားခဲ့တဲ့ နှစ်ဖက်လှကျွန်းကို ဒီနှစ်မှာ ပုလဲမွေးမြူရေးလုပ်ငန်းက ပိုင်ဆိုင်တယ်ဆိုပြီး သွားလို့မရအောင် တားမြစ်ထားတယ်။ ဒီလိုဖြစ်သွားတော့ ခရီးသွားလုပ်ငန်းတွေအတွက် အတော်လေးကို ဆုံးရှုံးမှုဖြစ်သွားကြတယ်” လို့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း စတင်တာ တလကျော် ကြာမြင့်ပြီဖြစ်ပေမယ့် နိုင်ငံခြားခရီးသည်တွေ ဝင်ရောက်မှု နည်းပါးနေပြီး ပြည်တွင်းခရီးသွားတွေကိုသာ အဓိက ပို့ဆောင်ပေးနေရကြောင်း သိရပါတယ်။ “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သယ်ယူပို့ဆောင်ရေးယာဉ်တွေ လိုတယ်။ ကျွန်းတွေ လိုတယ်။ အဏ္ဏ၀ါအခြေပြု ခရီးသွားလုပ်ငန်းတွေဆိုတော့ ဧည့်သည်တွေ အတက် အဆင်း လုပ်ဖို့ တံတားတွေလည်း လိုတယ်။ ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်ပေးနေပေမယ့် တံတားဆောက်ဖို့က ခရီးသွားလုပ်ငန်းရှင်တွေ တာဝန်ယူရမယ်ဆိုတော့ အဆင်မပြေဘူး ဖြစ်နေတယ်။ ကော့သောင်းမှာ ခရီးသွားလုပ်ငန်းတွေအတွက် တံတားဆောက်ပေးထားပေမယ့် ကျနော်တို့ မြိတ်မှာတော့ အခုထိ တံတားမဆောက်ပေးသေးဘူး။ အစိုးရပိုင်းက ဘတ်ဂျက်ချထားပေးပြီး ဆောင်ရွက်ပေးစေချင်တယ်။ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်လှကျွန်းက နာမည်ရလာတယ်။ အဲဒီအချိန်က ပုလဲလုပ်ငန်းက ပိုင်တယ်ဆိုပြီး ဝင်လာတော့ ခရီးသွားလုပ်ငန်းတွေ အတော်ဂယက်ရိုက်သွားတယ်။ ဒီကျွန်းတွေကို MIC က ခွင့်ပြုချက်ပေးထားတယ်ဆိုတာ သိရတယ်။ ဧရိယာဘယ်လောက် ရှိတယ်။ ဘယ်ကျွန်းတွေဆိုပြီး တိတိကျပြထားသင့်တယ်။ အခုကနာမည်ကြီးလာမှ ကျွန်းတွေက ပုလဲလုပ်ငန်းတွေက ပိုင်တယ်ဆိုပြီး ဖြစ်လာတော့ ခရီးသွားလုပ်ငန်းတွေမှာ အတော်လေးအခက်အခဲဖြစ်နေတယ်” လို့ ခရီးသွားလုပ်ငန်းရှင် ဒေါက်တာသိန်းရွှေမြင့်က ပြောကြားခဲ့ပါတယ်။ ခရီးသွားဧည့်သည်တွေ မုတ်ကောင်မွေးမြူရေးအား လေ့လာနိုင်ဖို့ စီစဉ်နေတာကြောင့် နှစ်ဖက်လှကျွန်းကို အခုလောလောဆယ် ပိတ်ပင်ထားတာလို့ အန္တလန်တိတ်ပုလဲမွေးမြူရေးကုမ္ပဏီ တာဝန်ခံ ဦးဇော်ဝင်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ "နှစ်ဖက်လှကျွန်းကို ကုမ္ပဏီက လောလောဆယ်ပိတ်ထားတာတော့ မှန်ပါတယ်။ ခရီသွားဧည့်သည်တွေ မုတ်ကောင်တွေ လေ့လာလို့ရအောင် အဆောက်အဦတွေ ဆောက်ပေးထားမယ်။ အချိန်တခု သတ်မှတ်ပေးထားမယ်။ လောလောဆယ် ကုမ္ပဏီက တာဝန်ရှိသူတွေကို တင်ပြထားတယ်။ ဒီကတဆင့် ဟိုတယ်ခရီးနဲ့ မြန်မာ့ပုလဲလုပ်ငန်းဦးစီးဌာကို စာတင်ရမယ်။ ခွင့်ပြုချက်ရရင် အကောင်အထည်ဖော်သွားမယ်။" ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် မြိတ်ကျွန်းစုအတွင်းကို ခရီးသွားဧည့်သည်တွေ ရောက်ရှိလည်ပတ်နေပြီဖြစ်ရာ ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ခရီးသွားဇုန်တခု သတ်မှတ်ပေးကာ နှစ်ဖက်လှ ကျွန်းကို ပြန်လည် စိစစ်ပေးဖို့ လိုအပ်နေသလို ပို့ဆောင်စရာ ကျွန်းတွေကိုလည်း တိကျစွာ သတ်မှတ်စီစဉ်ပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024