အကြမ်းဖက်ဝါဒကို မစေ့စပ်စတမ်း ချေမှုန်းတိုက်ပွဲဝင်နေဟု အန်အယ်လ်ဒီ ကြေညာ

2.2K
အကြမ်းဖက်ဝါဒအပေါ် မစေ့စပ်စတမ်း ချေမှုန်းရေး၊ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အလ်ဒီ)ပါတီက ကြေညာလိုက်ပါတယ်။
အစိုးရသစ်လက်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယအကြိမ် ဦးဆောင်ကျင်းပတဲ့ ၉၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ပါတီဌာနချုပ်မှာ အခမ်းအနားကျင်းပ ကြေညာလိုက်ပါတယ်။
အချက် ၅ ချက် ပါဝင်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီရေးအတွက် ထောင်ချောက် ဖြစ်လာတတ်တဲ့ အလွန်အကျွံအမျိုးသားရေးဝါဒ မဖြစ်ကြဖို့ တိုက်တွန်းထားသလို လက်ရှိ အရေးကြီးဆုံး အလုပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝရရှိဖို့နဲ့ အကြီးမားဆုံး စိန်ခေါ်မှုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေး၊ ပြည်လည်ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)တို့ကလည်း စာပေဟောပြောခဲ့ကြပါတယ်။