Home
ဆောင်းပါး
အမေရိကန်သမ္မတရဲ့ စံချိန်တင် အာရှ ၅ နိုင်ငံ ခရီးစဉ်နဲ့…
DVB
·
November 13, 2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ သူ့ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်စစ်ဌာနချုပ်မှာ အမေရိကန်ပြည်ထောင်စု ရေတပ်ရဲ့ စစ်သင်္ဘောကြီး ယူအက်စ်အက်စ် အာရီဇိုးနား အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားမှာ မိန့်ခွန်းပြောကြားပေးဖို့ ဟာဝိုင်ရီကျွန်းမှာ ခဏတာ ရပ်နားခဲ့ပါတယ်။ အဲဒီနောက်တော့ နိုဝင်ဘာလ ၅ ရက်နေ့မှာ သူ့ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်ရဲ့ အစအဖြစ် ဂျပန်နိုင်ငံကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ထွက်ခွာ သွားရောက်ခဲ့ပါတယ်။ အဲဒီဂျပန်ခရီးစဉ်ဟာ မကြာခင်လေးကမှ ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံ အနိုင်ရရှိခဲ့တဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အောင်မြင်မှုကိုပါ အားပေးဂုဏ်ပြုဖို့  အခွင့်အလမ်း ရရှိသွားခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ သူတို့ ၂ နိုင်ငံ ခေါင်းဆောင် ၂ ယောက် ကမ္ဘာ့လုံခြုံရေးကိစ္စ မဆွေးနွေးခင်မှာတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကမ္ဘာ့အဆင့် ၄ ဖြစ်တဲ့ ဟီဒက်ခီ မတ်စူရှီတာ ဂေါက်ကွင်းမှာ ချစ်ကြည်ရေး ဂေါ့ဖ်ကစားကြဖို့ စီစဉ်ထားပေးခဲ့ရင်း သူ့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြသခဲ့ပါတယ်။ အဲဒီလို အပန်းပြေအစီအစဉ်တွေ ပြီးတာနဲ့ မစ္စတာထရမ့်နဲ့ မစ္စတာအာဘေးတို့ နှစ်ယောက်သား ဖိစီးလာနေတဲ့ မြောက်ကိုရီးယားအရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်ကြမယ် ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီ့မတိုင်ခင်ကတည်းကပဲ အမေရိကန်-ဂျပန် ၂ နိုင်ငံ ခေါင်းဆောင်တွေက ဒီကိစ္စကို မြောက်ကိုရီးယားနိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကပဲ မြောက်ကိုရီးယားနိုင်ငံကို ထိန်းသိမ်း ကြိုးကိုင်နိုင်မယ်လို့ သဘောတူထားခဲ့ကြပြီး ဖြစ်ပါတယ်။ မစ္စတာထရမ့်က တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကို မြောက်ကိုရီးယားကို ထိန်းချုပ်ကိုင်တွယ်ဖို့ ဖိအားပေး ပြောကြားနိုင်လိမ့်မယ်လို့လည်း အကဲခတ်တချို့က မျှော်လင့်ထားခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ပြီးတာနဲ့ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်နဲ့ မိုင် ၄၀ လောက်အကွာမှာရှိပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခိုင်အမာ စစ်အခြေစိုက်စခန်းရှိရာ ဟမ်းဖရေးစစ်စခန်းကို သွားရောက်ခဲ့ပါတယ်။ ပြီးတာနဲ့ သမ္မတ ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ သူတို့ ၂ နိုင်ငံက မြောက်ကိုရီးယား ပြဿနာအပေါ် မတူညီခဲ့ကြတဲ့ ချဉ်းကပ်ပုံတွေနဲ့ ပတ်သက်ပြီး အပူတပြင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းကတော့ ကွန်မြူနစ် မြောက်ကိုရီးယား အစိုးရကို သံတမန်နည်းလမ်းတွေနဲ့ အေးအေးချမ်းချမ်း ချဉ်ကပ် ဆောင်ရွက်တဲ့နည်းကို အခိုင်အမာ ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံနေရတဲ့အတွက် အရင်အစိုးရလက်ထက်က လက်ခံခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ် သတ်ဒ် (Thadd) ကို မြောက်ကိုရီးယားနယ်စပ်မှာ တပ်ဆင် နေရာချထားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်နေစဉ်မှာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး အပြင်းထန်ဆုံး စကားလုံးတွေသုံးပြီး ပြောကြားခဲ့ပြီး ကမ္ဘာတဝန်း နိုင်ငံတွေကို ပြုံယမ်းကို ဘယ်လိုကူညီထောက်ပံ့မှု၊ ပေးကမ်းမှု၊ ဒါမှမဟုတ် လက်သင့်ခံမှုမျိုးကိုမှ မလုပ်ဘဲ ငြင်းဆန်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ နောက် သူ့ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် ပြီးဆုံးခါနီး အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းစကား ပြောကြားရာမှာ မြောက်ကိုရီးယားနိုင်ငံကို “တို့ကို လျှော့မတွက်ပါနဲ့၊ ပြီးတော့ မစမ်းပါနဲ့” လို့ ထည့်သွင်းပြောကြားသွားခဲ့သလို မြောက်ကိုရီးယားကို ထိန်းချုပ် အဆုံးသတ်ပစ်နိုင်လောက်တဲ့ ယှဉ်ပြိုင်လို့မရတဲ့အင်အား ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ အာရှခရီးစဉ် မစတင်ခင်ကတည်းက အစီအစဉ်ဆွဲထားတဲ့ တောင်-မြောက် ကိုရီးယားနယ်စပ်က အန္တရာယ်ကြီးမားတဲ့ စစ်မဲ့ဇုန် (DMZ) ကို လျှို့ဝှက်သွားရောက်ဖို့ အစီအစဉ်ကတော့ စစ်မဲ့ဇုန်ကိုရောက်ဖို့ မိနစ်ပိုင်းအလိုမှာ မြူနှင်းတွေ ပိတ်နေတဲ့အတွက် လှည့်ပြန်ခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေက အမေရိကန်ခေါင်းဆောင်အနေနဲ့ ဒီအန္တရာယ်အကြီးမားဆုံး နေရာကို အချိန်အကန့်အသတ်အရ သွားရောက်လိမ့်မှာ မဟုတ်ဘူးလို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ သမ္မတ ထရမ့်ရဲ့ အာရှခရီးစဉ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ် ရောက်တဲ့အချိန်မှာတော့ သမ္မတထရမ့်နဲ့ သမ္မတကတော် မယ်လ်နီယာတို့ကို စစ်တီးဝိုင်းအဖွဲ့က တခမ်းတနား တီးမှုတ် ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသားလေးတွေကလည်း အမေရိကန်နဲ့ တရုတ်နိုင်ငံ အလံတွေ ဝှေ့ယမ်းပြီး ခုန်ပေါက် ကြိုဆိုခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုမှာတော့ ဒီကနေ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ် ခြိမ်းခြောက်မှုတွေနဲ့ အန္တရာယ်ကို ကိုင်တွယ်ထိန်းချုပ်ဖို့ တာဝန်ဟာ တရုတ်နိုင်ငံမှာပဲ ရှိတယ်လို့ ယုံကြည်ထားတဲ့ သမ္မတထရမ့်က အဓိက ဆွေးနွေး တိုက်တွန်းလိမ့်မယ်လို့ ယူဆရပါတယ်။ နောက်တခုကတော့ တရုတ်-အမေရိကန် ကုန်သွယ်ရေးမှာ တရုတ်က ပိုငွေပြ အသာစီးရနေတဲ့ကိစ္စကို သမ္မတထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ယေဘုယျပြောရရင်တော့ အခု အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ နိုင်ငံတကာရေးရာ ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အရင်ကထက်ပိုပြီး ဆက်ဆံရေး ကောင်းမွန်နားလည်မှု ရှိလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) အစည်းအဝေးကို တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ သမ္မတထရမ့်က အမေရိကန်ပြည်ထောင်စုအနေနဲ့ ကာလရှည်ကြာ ကုန်သွယ်ရေး မဖွယ်မရာဖြစ်နေတဲ့ ကိစ္စကို သည်းညည်းမခံနိုင်တော့တဲ့အကြောင်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဥပဒေတွေကို ချမှတ်ပေးရတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ဟာ အဖွဲ့ဝင်နိုင်ငံတွေက အဲဒီဥပဒေတွေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင် သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆို သတိပေးခဲ့ပါတယ်။ သူက အမေရိကန်အနေနဲ့ ကုန်သွယ်ရေး အတားအဆီးတွေကို နှိမ့်ချပေးခဲ့တဲ့ ကုန်သွယ်ခွန်တွေကို အဆုံးသတ်ပေးခဲ့ပေမယ့် တခြားနိုင်ငံတွေက တုံ့ပြန်လာတာ မရှိခဲ့ဘူးလို့လည်း ပြောဆိုပြီး “အဲဒီလို လုပ်ဆောင်ချက်တွေဟာ ကျနော်တို့နိုင်ငံက ပြည်သူလူထု အများကြီးကို ထိခိုက်စေခဲ့ပါတယ်” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူက အေပက်အဖွဲ့ဝင်နိုင်ငံတွေအပေါ် အပြစ်မတင်ခဲ့ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ အရင်အစိုးရအဖွဲ့တွေကိုပဲ အဲဒီလိုဖြစ်နေတဲ့ကိစ္စကို ပြန်တည့်မတ်သွားအောင် အစောကြီးကတည်းက မလုပ်ဆောင်ခဲ့လို့ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့တာ တွေ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ကမ္ဘာပြန့်ဖြစ်စဉ်ဟာ ပြောင်းပြန် ပြန်လှန်လို့ မရနိုင်တဲ့အကြောင်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သမ္မတထရမ့်နဲ့ မတူကွဲပြားတဲ့ အမြင်တွေကို အေပက်အဖွဲ့ဝင် နိုင်ငံတွေကို ဆွေးနွေးပြောဆိုသွားတာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အာရှခရီးစဉ်မှာ တိုးချဲ့ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ  နိုဝင်ဘာလ ၁၃ ရက်၊ ၁၄ ရက်နေ့တွေမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူ့ရဲ့ အာရှခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် ဖိလစ်ပိုင်နိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရောက်ရှိသွားခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။ ထရမ့်ဟာ အာဆီယံ အစည်းအဝေးကြီးမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ ပထမဆုံး တွေ့ဆုံရမှာ ဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့ ဒီမိုကရေစီနိုင်ငံတွေက သမ္မတ ဒူတာတေးရဲ့ ကြမ်းတမ်းပြင်းထန်ပြီး အုတ်အရောရော ကျောက်အရောရော ပစ်ခတ်နှိမ်နင်းခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ကို ဝိုင်းဝန်းဝေဖန် ပြစ်တင်ခဲ့ကြပေမယ့် သူက ဒူတာတေးကို မယုံနိုင်စရာ အလုပ်တခုကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထောက်ခံ ချီးကျူး ပြောကြားခဲ့သူ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း သမ္မတဒူတာတေးက စက်တင်ဘာလ အစောပိုင်းမှာကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သူ့နိုင်ငံကို လာလည်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ထရမ့်က “သူက ကျနော်တို့ကို ဖိတ်ကြားလာတဲ့အတွက် ကျနော်တို့ တွေ့ဆုံကြရတော့မှာပါ” လို့ တုံ့ပြန်ပြောကြားခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အခု အာဆီယံအစည်းအဝေးကို အမေရိကန်သမ္မတ ထရမ့် ဖိလစ်ပိုင်နိုင်ငံကို လာတက်ရောက်မယ့်အကြောင်း သိတဲ့အချိန်ကစပြီး အင်အားမနည်းလှတဲ့ ဖိလစ်ပိုင်ပြည်သူတွေက ထရမ့်ဆန့်ကျင်ရေး ပိုစတာတွေကိုင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြ၊ အမေရိကန်သံရုံးရှေ့မှာ ဝိုင်းဝန်းဆန္ဒပြခဲ့ကြပါတယ်။ သူတို့က ဒီခရီးစဉ်ကြောင့် ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး ပြန်ချောမွေ့ ပြေပြစ်လာပြီး စစ်လိုလားတဲ့ ထရမ့်ရဲ့ စစ်ပွဲပြင်ဆင်မှုတွေမှာ ဖိလစ်ပိုင်နိုင်ငံ ပါဝင်လာပြီး နိုင်ငံအန္တရာယ်ကျရောက်မှာ စိုးနေကြသလို အမေရိကန်သမ္မတက သူတို့နိုင်ငံတွင်းမှာ အရင်လို သူ့ရဲ့ စစ်အခြေစိုက်စခန်းတွေ ပြန်ချလာနိုင်ရေးအတွက် သမ္မတ ဒူတာတေးကို စည်းရုံး ဖိအားပေးလာမှာကို စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ စံချိန်တင် အာရှခရီးစဉ်ဟာ သူပြောသလို အောင်မြင်မှုတွေ ရယူနိုင်ပါ့မလား၊ အရင် အမေရိကန်သမ္မတတွေနဲ့ မတူတဲ့ အမေရိကန်-အာရှ ဆက်ဆံရေးတခုကို တည်ဆောက်နိုင်လာမလား၊ မြောက်ကိုရီးယားကိစ္စမှာရော အဓိကကျတဲ့ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေနဲ့ရော သဘောထား ညီညွတ်ကြပါ့မလား။ တတိယကမ္ဘာစစ်အတွက် ပြင်ဆင်နေပြီဆိုတဲ့ မြောက်ကိုရီးယား အရေးကိုရော ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။      ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024