အမေရိကန်ပစ္စည်းများ ဝယ်ယူရန် ဗီယက်နမ်ကို သမ္မတထရမ့် တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်-ဗီယက်နမ် ကုန်သွယ်ရေး မညီမျှမှုကို လျှော့ချတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဆီကနေ ပစ္စည်းတွေဝယ်ယူဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ဗီယက်နမ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရွှမ်ဖုနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က “ကျနော့်အဖို့ အရေးကြီးတာက ကုန်သွယ်ရေးပါပဲ။ အခုချိန် ကျနော်တို့နဲ့ ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေး မညီမျှမှုဟာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနီးပါးရှိပြီး ငွေကြေးပမာဏအားဖြင့် အတော်လေး များပြားပါတယ်။ ကျနော်တို့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေ၊ အမေရိကန် အလုပ်သမားတွေကို စောင့်ရှောက်ရပါမယ်။ ကျနော့်အရင် အစိုးရတွေတုန်းက အဲဒါကို သဘောမပေါက်သလို ကြိုက်လည်း မကြိုက်ကြဘူး ထင်ပါတယ်။ ကုန်သွယ်ရေး မညီမျှတာကို ဖြေရှင်းဖို့ ပြဿနာ အများကြီးရှိပါတယ်။ ဒီတော့ ကျနော်တို့အနေနဲ့ အဲဒါကို အမြန်ဖြေရှင်းချင်ပါတယ်။ ခင်ဗျားတို့ကို အမေရိကန်ပြည်ထောင်စုဆီကနေ ပစ္စည်းတွေ ဝယ်ယူစေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့အစောပိုင်းက သမ္မတ ထရမ့်ဟာ ဒေါ်လာ ဘီလီယံချီတန်တဲ့ အမေရိကန်-ဗီယက်နမ် လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ကြိုဆိုခဲ့ပါတယ်။ အဲဒီ သဘောတူစာချုပ်တွေဟာ အလုပ်အကိုင်တွေ ဖန်တီးပေးမှာဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ စစ်အေးခေတ်ကာလက အမေရိကန်ရဲ့ ရန်သူဖြစ်ခဲ့တဲ့ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံဟာ အခုအခါ အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အရေးပါတဲ့ စီးပွားရေး မိတ်ဘက်နိုင်ငံ ဖြစ်လာပါတယ်။

More News
Up