ယူ-၂၁ ကစားသမား ၃ ဦးကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးသို့ ခေါ်ယူ

2.1K
အင်္ဂလန်အသင်းဟာ နောက်ခံလူဖီးဂျုံးစ်နဲ့ ဂိုးသမား ဘတ်လန်းတို့ ဒဏ်ရာရသွားတဲ့အတွက် ယူ-၂၁ အသင်းက လူငယ်ကစားသမား ၃ ဦးကို အစားထိုး ခေါ်ယူလိုက်ပါတယ်။
နည်းပြဆောက်ဂိတ်အနေနဲ့ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ လီဗာပူးကစားသမား ဆိုလန်ကီ၊ ဘုန်းမောက်အသင်းက လူးဝစ်ကွတ်ခ်နဲ့ နောဝစ်ခ်ျမှာ အငှားသွားကစားနေတဲ့ မန်စီးတီးဂိုးသမား အန်ဂတ်စ်ဂန်းတို့ကို လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်လိုက်တာပါ။
လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတဲ့အတွက် ကျေနပ်ဂုဏ်ယူမိတယ်လို့ ကစားသမားသုံးဦးစလုံးက သူတို့ရဲ့ တွစ်တာစာမျက်နှာတွေမှာ ရေးသားထားပါတယ်။
လူငယ်ကစားသမားတွေကို အတွေ့အကြုံကောင်းတွေ ပေးလိုတာကြောင့် ဘရာဇီးနဲ့ ခြေစမ်းပွဲအတွက် ထပ်ပြီးရွေးချယ်ခဲ့တာလို့လည်း နည်းပြ ဆောက်ဂိတ်က ဆိုပါတယ်။
အင်္ဂလန်အသင်းမှာ ဟယ်ရီကိန်း၊ အယ်လီ၊ ဟန်ဒါဆန်တို့လို စီနီယာကစားသမားတွေ မပါဝင်ခဲ့ပေမယ့် ကမ္ဘာ့ချန်ပီယံ ဂျာမနီနဲ့ ခြေစမ်းပွဲမှာ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဘရာဇီးအသင်းနဲ့ ဝင်ဘလေကွင်းမှာ ခြေစမ်းကစားမှာဖြစ်ပါတယ်။