Home
မြန်မာသတင်း
မြိတ်တွင် ကုန်တင်ကားတစီးတိမ်းမှောက်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
November 13, 2017
မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ရာဇဘာကျေးရွာအနီးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲ အချိန်လောက်က ကုန်တင်ကားတစီး တိမ်းမှောက်ရာမှာ လမ်းကြုံ လိုက်ပါလာတဲ့ အမျိုးသမီးတဦး ခုန်ချရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်မြို့ကနေ မြိတ်မြို့ကို ယာဉ်မောင်း ကျော်စိုး (၅၁-နှစ်) မောင်းနှင်လာတဲ့ အဖြူရောင် ကင်တာအမျိုးအစား ၆ ဘီးယာဉ်ဟာ ရာဇဘာကျေးရွာ၊ ရှောင်ကွင်းလမ်း၊ မိုင်တိုင်အမှတ် ၃/၀ ရာဇဘာကုန်း အတက်မှာ ကားစက် ချို့ယွင်းပြီး နောက်ပြန်လိမ့်ဆင်းရာ ခေါင်းခန်းထဲမှာ လမ်းကြုံလိုက်ပါလာတဲ့ ဒေါ်သန်းမော်စီ (၅၅-နှစ်) က ကားတံခါးဖွင့်ပြီး ခုန်ဆင်းရင်း ပြုတ်ကျပြီး ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ကုန်ကားက ထားဝယ်ဘက်ကနေ မြိတ်မြို့ဘက်ကို ကုန်တွေတင်ပြီး မောင်းနှင်လာတယ်။ မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ရှောင်ကွင်းလမ်း၊ ရာဇဘာကျေးရွာအနီး ကုန်းအတက်၊ မိုင်တိုင်အမှတ် ၃/၀ အရောက် စက်ချို့ယွင်းပြီး နောက်ကို ပြန်လိမ့်ဆင်းသွားတယ်။ စပယ်ယာက ခုန်ဆင်းပြီး ဂျမ်းတုံးခုဖို့ ကြိုးစားသေးတယ်။ မအောင်မြင်ဘူး။ ကားခေါင်းမှာ လမ်းကြုံ လိုက်လာတဲ့ ဒေါ်သန်းမော်စီက ကားတံခါးဖွင့်ပြီး ခုန်ဆင်းတယ်။ မြေပြင်နဲ့ ဦးခေါင်းရိုက်မိလို့ ဒရိုင်ဘာနဲ့ တခြားလူတွေက ကျန်းမာရေး အထောက်ကူပြုယာဉ်ကို ဆက်သွယ်ပြီး မြိတ်ပြည်သူ့ဆေးရုံကို တင်ပို့ပေးလိုက်တယ်” လို့ သမုတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်းက ပြောပါတယ်။ ဒဏ်ရာရ လူနာကို ပင်းအိုကျန်းမာရေး အထောက်ကူအကူပြုယာဉ်နဲ့ မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပြီး ဆေးဝါးကုသချိန်မှာပဲ လူနာဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ ယာဉ်ပေါ့ဆ မောင်းနှင်ပြီး လူသေဆုံးစေခဲ့သူ ယာဉ်မောင်း ဦးကျော်စိုး (၅၁-နှစ်) ကို သမုတ်နယ်မြေရဲစခန်းမှ (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024