စဥ့်ကူ ရွှေမုဋ္ဌောစေတီတွင် စပါးအုံးမြွေကြီးအား လာရောက်ကြည့်ရှုသူများနှင့် စည်ကားနေ
DVB
·
November 13, 2017
ညောင်ဦးမြို့နယ်၊ စဥ့်ကူ ရွှေမုဋ္ဌောစေတီမှာ သဘာဝအတိုင်း တွေ့ခဲလှတဲ့ လုံးပတ် ထွာစိုင်၊ အရှည် ၈ ပေ၊ အလေးချိန် ၅ ပိဿာလောက်ရှိတဲ့ စပါးအုံးမြွေကြီးကို ချောက်နဲ့ ညောင်ဦး အနီးတဝိုက်က လာရောက်ကြည့်ရှုသူ ဒေသခံတွေနဲ့ စည်ကားနေပါတယ်။
စပါးအုံးမြွေကြီးဟာ နိုဝင်ဘာ ၉ ရက်၊ ည ၈ နာရီအချိန်လောက်က စဥ့်ကူ၊ ဈေးတန်းရပ်၊ စပါးစိုက်ခင်းထဲကနေ ကားလမ်းမကြီးဆီကို ရောက်ရှိလာတဲ့အတွက် ဒေသခံ ကိုဝင်းခိုင်ကဆိုသူက တွေ့ရှိပြီး သားဖြစ်သူနဲ့အတူ ဈေးတန်းရပ် လူငယ်တွေက ဝိုင်းဝန်းဖမ်းဆီးပြီး စဥ့်ကူရဲစခန်းမှာ ထားရှိခဲ့ပါတယ်။
နောက်တနေ့မနက်မှာ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ကို သွားရောက် အပ်နှံခဲ့ပေမယ့် မြွေထားရှိဖို့ ဥယျာဉ်မလုံခြုံတာကြောင့် တိရစ္ဆာန်ရုံကို သွားရောက် အပ်နှံစေလိုတယ်လို့ ပြောတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရောက်ဖို့ အခက်အခဲ ရှိနေပါတယ်။
ဒါ့ကြောင့် အဲဒီစပါးအုံးမြွေကြီးကို ဈေးတန်းရပ်၊ ချောက်-ပုဂံ ညောင်ဦးသွား ကားလမ်းဘေးက ရွှေမုဋ္ဌောစေတီ ရင်ပြင်မှာ လတ်တလောထားရှိခဲ့တယ်လို့ သိရပါတယ်။
စပါးအုံးမြွေကြီးကို ဖမ်းပေးခဲ့သူ ကိုဝင်းခိုင်က “ဒီဒေသတဝိုက်မှာတော့ ဒီလိုအမျိုးအစား အရွယ် မြွေမျိုးကို တသက်နဲ့တကိုယ် မတွေ့ဖူးသလို လူကြီးသူမတွေ မေးကြည့်တော့လည်း မရှိခဲ့ဖူးဘူး။ အခုလို ဘုရားမှာ ဂေါပကတွေနဲ့ တိုင်ပင်ပြီး ထားရှိရတာပါ။ အခုတော့ နေ့ ညကို လူငယ်တွေ အလှည့်ကျ တာဝန်ယူ စောင့်ရှောက်ပေးနေပါတယ်။ အစားအသောက်ကတော့ နွားနို့ကလွဲပြီး ဘာမှ စားတာ မတွေ့ဘူး” လို့ ပြောပါတယ်။
သတင်း - ကိုလင်း(ချောက်)