Live
Home
မြန်မာသတင်း
ဘီးလင်းတွင် တပ်မတော်ယာဉ်နှင့် အိမ်စီးကားတိုက်မိ၊ ၂ ဦး သေဆုံး
DVB
·
November 12, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ နောင်ရိုးကြံစိုက်ခင်းအရှေ့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့၊ ညပိုင်းက တပ်မတော်ယာဉ်တစီးနဲ့ အိမ်စီးကားတစီး တိုက်မိရာ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ယဉ်မောင်း အောင်မင်းစိန် မောင်းနှင်လာတဲ့ Super Custom အမျိုးအစား ယာဉ်မှာ ဘီးလင်းမြို့၊ ကျောက်ရေတွင်းကျေးရွာ၊ နောင်ရိုးကြံခင်းအရှေ့၊ မိုင်တိုင်အမှတ် (၁၂၃/၂) အနီး အရောက်မှာ အရှိန်လွန်ပြီး မျက်နှာချင်းဆိုင်က ယာဉ်မောင်း ဒုတပ်ကြပ်နိုင်လင်းဦး မောင်းနှင်လာတဲ့ FOTON အမျိုးအစား၊ စစ်စိမ်းရောင်မော်တော်ယာဉ်နဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဘီးလင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက “စူပါကာစတန်ကားမောင်းလာတဲ့ ဒရိုင်ဘာက ကြံခင်းအရှေ့ရောက်တော့ မောင်းလာတဲ့အရှိန်ကို မထိန်းနိုင်တော့ဘဲ လမ်းဒီဘက်ကလာတဲ့ စစ်ကားကို တည့်တည့်ဝင်တိုက်တာပါ။ ၀င်တိုက်တဲ့ ကားဒရိုင်ဘာကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်စစ်ကားမှာ ပါလာတဲ့ ၅ ဦးထဲက တစ်ယောက်ကတော့ ဆေးရုံပေါ် ဆေးကုသရင်းနဲ့ဆုံးသွားပါတယ်။ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတာပါ “လို့ ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် Super Custom ယာဉ်မောင်း အောင်မင်းစိန်ဟာ ယာဉ်ရဲ့ စီယာတိုင်နဲ့ရင်ဘတ်စောင့်ညှပ်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ တပ်မတော်ပိုင်မော်တော်ယာဉ်ပေါ်ပါ တပ်ကြပ်ကြီး ခင်မောင်ထွေးကတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သား ၄ ဦးလည်း ဒဏ်ရာရရှိခဲ့လို့ ဘီးလင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဘီးလင်းမြို့မရဲစခန်းက ယာဉ်မောင်း အောင်မင်းစိန်ကို ယာဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးမှုပုဒ်မ ၃၀၄(က)၊ နာကျင်စေမှုပုဒ်မ ၃၃၇၊ အပြင်းအထန်နာကျင်စေမှု ၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး ဓာတ်ပုံ-ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း(ဘီးလင်းမြို့)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024