Home
မြန်မာသတင်း
မြိတ်ခရိုင်တွင် လူထုအခြပြု ခရီးသွားလုပ်ငန်းအတွက် ဒုံးညောင်မှိုင်းကျေးရွာအား ရွေးချယ်
DVB
·
November 12, 2017
လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် မြိတ်ခရိုင်မှာ  ဒုံးညောင်မှိုင်းကျေးရွာကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ကျွန်းစုမြို့နယ်အတွင်း တည်ရှိတဲ့ ဒုံးညောင်မှိုင်းကျေးရွာဟာ လက်ရှိခရီးသွားလုပ်ငန်းအတွက် မဖြစ်မနေ ၀င်ရောက်လည်ပတ်နေတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး ဆလုံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကိုလည်း လေ့လာနိုင်တယ်လို့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဒု ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောကြားခဲ့ပါတယ်။ ဒုံးညောင်မှိုင်း ကျေးရွာမှာ ပြည်သူလူထုအခြေပြုခရီးသွားလုပ်ငန်း CBT အား ဆောင်ရွက်နိုင်ဖို့ နိုဝင်ဘာ ၁၁ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့အဖွဲ့က သွားရောက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဦးတိုးလွင်က "ဒုံးညောင်မှိုင်းကျေးရွာက နေရာအနေထား ကမ်းခြေအလှအပတွေက အခြေအနေကောင်းနေပါတယ်။ သဘာဝအတိုင်းရှိနေတယ်၊ ရေတွေ ကူးမယ်ဆိုရင်လည်း သန့်ရှင်းတဲ့ ရေပြင် နဲ့ သဲသောင်လည်းရှိနေတယ်။ နောက်တခုက ဒီမှာရှိတဲ့ မြန်မာ၊ ကရင်၊ ဆလုံတိုင်းရင်းသားတွေ အတူတကွ နေထိုင်တဲ့နေရာဖြစ်တယ်။ ခရီးသွားလုပ်ငန်းတွေလည်း ဒီမှာအခြေပြုလုပ်ကိုင်နိုင်ရင် တိုင်းရင်းသားတွေရဲ့ ဓလေ့တွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့ ဒေသခံတွေကို ပြည်သူလူထုအခြေပြု ခရီးသွားလုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကော်မတီဖွဲ့ပေးတာ၊ မြေနေရာကြည့်ရှုစစ်ဆေးတာတွေကို ဆောင်ရွက်နေပြီလို့ ဒုံးညောင်မှိုင်းကျေးရွာရဲ့ ပြည်သူလူထုအခြေပြုခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးကျော်နိုင်က ပြောပါတယ်။ "ကျနော်တို့ရွာကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ သဘောတူပါတယ်။ ကျေးရွာသားတွေလည်း ဗဟုသုတရမယ်၊ နောက်ပြီး ဒီမှာရှိတဲ့ ကရင်၊ မော်ကင်း နဲ့ ဗမာတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ကိုလည်း ပြသနိုင်မယ်။ ကျနော်တို့အနေနဲ့ကတော့ လာရောက်လည်ပတ်မယ့် ခရီးသွားတွေကို ပျော်ရွင်မှုရဖို့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်။ ဆလုံတိုင်းရင်းသားတွေအနေနဲ့ ရိုးရာဓလေ့ကို မလုပ်ကြတာကြာပြီဖြစ်တဲ့အတွက် ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားပေးရမှာပါ။" တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူလူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် နေရာ ၃ နေရာ ရွေးချယ်ခဲ့ရာ မြိတ်ခရိုင်မှာ ဒုံးညောင်မှိုင်းကျေးရွာ၊ ကော့သောင်းခရိုင်မှာ မကျုံဂလက်၊ ထားဝယ် ခရိုင်မှာ စမ်းလှမ်းကျေးရွာတွေ အရွေးချယ်ခံထားရ တယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ခရီးသည်တွေ လာရောက်လည်ပတ်မှုကနေ အကျိုးမြတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024