Home
မြန်မာသတင်း
တနှစ်တကြိမ် တည်ဆောက်ရသည့် မဲဇာချောင်းကူးတံတား
DVB
·
November 12, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ တာပေါကျေးရွာအနီးမှာ နိုဝင်ဘာ ၁၁ ရက်က မဲဇာချောင်းကူး သစ်သားတံတားကို တည်ဆောက်နေကြပါတယ်။ “တာပေါကျေးရွာမှာ အိမ်ခြေ ၁၃၀ နဲ့လူဦးရေ ၇၀၀ ကျော်နေထိုင်ပါတယ်။ တောင်သူလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ မိုးရာသီမှာ ဒီချောင်းကို စက်လှေနဲ့ကူးရတယ်၊ စက်လှေခအနေနဲ့ တရာသီကို တအိမ်လျှင် စပါးတစ်တင်းနှုန်းနှစ်စဉ် ပေးဆောင်ကြရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ကာ နှစ်စဉ်တည်ဆောက်ရပါတယ်။ တန်ဆောင်မုန်းလအတွင်း ခုလိုရေကျချိန်မှာ ဒီတံတားကို ကျနော်တို့ရွာသူ ရွာသားတွေ စုပေါင်းပြီး တည်ဆောက်ကြရပါတယ်။ တံတားမှာ အရှည်ပေ ၇၀၀ နဲ့ အကျယ် ၅ ပေရှိပါတယ်။ တန်ဆောင်မုန်းလကနေ တန်ခူးလအထိ အသုံးပြုနိင်မှာဖြစ်ပါတယ်။ မိုးဦး ရေစကြီးတာနဲ့ တံတားကိုဖျက်ပြီး စနစ်တကျ ပြန်လည်ထိန်းသိမ်းရပါတယ်” လို့ တာပေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းက ပြောပါတယ်။ တံတားကိုဆောက်လုပ်ပြီးတာနဲ့ မဲဇာချောင်း အနောက်ဘက်ကမ်းမှာရှိတဲ့ အင်းတော်မြို့နယ်အတွင်းက ညောင်တုန်း၊ ပျဉ်ထောင်ကုန်း၊ မံဖာ၊ ကျွဲကောလေး၊ တာပေါ၊ တုံးပု၊ သီလရွာတွေနဲ့ ဗန်းမောက်မြို့နယ်တောင်ပိုင်းမှ ဆီးမော်၊ သောင်ကြီး၊ ပါယ၊ ပေါက်နက်ကုန်း၊ ကျောက်တန်း၊ တောင်ချောင်းပေါက်၊ ပန်းတင်၊ ညောင်ပင်သာ၊ ကျောက်အိုင်၊ ပေပင်ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၄၀ နီးပါးမှ ဒေသခံတွေ အကျိုးပြုသွားလာကြတယ်လို့ တာပေါကျေးရွာနေ ဦးမြင့်လွင်က ပြောပါတယ်။ “ကျမတို့ ရွာက မဲဇာချောင်းအနောက်ဘက်ကမ်းမှာ တည်ရှိပြီး စပါး၊ မြေပဲ၊ နှမ်းတို့ စိုက်ပျိုးပါတယ်။ မဲဇာချောင်းကို ဖြတ်ကူးသယ်ယူရတဲ့အတွက် ဒေသထွက်ကုန်တွေမှာ ဈေးနှိမ်ခံရပါတယ်။ မဲဇာချောင်းအရှေ့ဘက်ကမ်းမှာ ခုပေါ်တဲ့ ချင်းသုံးစပါးဈေး တစ်တင်းကို ၅၀၀၀ ကျပ်ပေါက်နေပါပြီး ကျမတို့ရွာမှာ စပါးတစ်တင်း ၄၅၀၀ ကျပ်ပဲပေးဝယ်နေပါတယ်။ ကျန်းမာရေးမှာလည်း အရေးကြီးလူနာတွေ ဆေးရုံပို့ရရင် ခရီးကြန့်ကြာခက်ခဲမှုတွေ တွေ့ကြုံရပါတယ်” လို့ တာပေါကျေးရွာနေ မအိမွှေးက ပြောပါတယ်။ အဆိုပါချောင်းကူးသစ်သားတံတား ပြီးစီးပါက စက်လှေစောင့်ရတဲ့ အချိန်များလျော့နည်းလာပြီး အင်းတော်မြို့၊ ကသာမြို့ကို သွားလာရေး အဆင်ပြေလာမှာ ဖြစ်ကြောင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းတွေ နွေရာသီအတွင်း အဆင်ပြေသွားလာနိုင်မယ်လို့ သိရပါတယ်။ အဆိုပါမဲချောင်းကူးနေရာမှာ အချိန်အခါမရွေးသွားလာနိုင်တဲ့ အမာခံတံတား တည်ဆောက်ပေးစေလိုကြောင်း ဒေသခံတွေက ပြောပါတယ်။ အင်းတော်မြို့နယ်အတွင်း မဲဇာချောင်းကူး RC ကွန်ကရစ်တံတား နှစ်စင်း တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ကိုကျော်(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024