အမေရိကန်သမ္မတ ခရီးစဉ်ကို ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူများ ဆန့်ကျင်ဆန္ဒပြ

ဖိလစ်ပိုင်လက်ဝဲဝါဒီ တက်ကြွလှုပ်ရှားသူရာပေါင်းများစွာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖိလစ်ပိုင်ကို လာရောက်မှာကို နိုဝင်ဘာ ၁၁ ရက်နေ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကို လက်ဝဲဝါဒီ တက်ကြွလှုပ်ရှားသူတွေ အများဆုံးပါတဲ့ ဆန္ဒပြသူ လူရာပေါင်းများစွာက မနီလာမြို့တော်မှာ ဆန့်ကျင့်ဆန္ဒပြခဲ့ကြတာပါ။ “ကျနော်တို့ ဘာယန်မင်ဒါနာအိုဆိုတဲ့ အဖွဲ့က ဒေါ်နယ်ထရမ့် ဒီနိုင်ငံကိုလာရောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒီကိုရောက်လာတာပါ။ နောက်ပြီး အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကိုလည်း ကန့်ကွက်တဲ့အနေနဲ့ပါ။ ကျွန်တော်တို့ အမြင်မှာတော့ ထရမ့်နဲ့တွေ့ဆုံးဆွေးနွေးမှုကနေ မင်ဒါနာအိုဒေသရဲ့ အခြေအနေကို ပိုဆိုးစေမှာဖြစ်သလို၊ … သဘာဝအရင်းအမြစ်တွေကို အမြတ်ထုတ်သွေးစုပ်တဲ့ ကိစ္စကလည်း ပိုဆိုးသွားမှာပါ။ နောက်ပြီး အဲဒီဒေသမှာ ရှိတဲ့ စစ်သားအရေအတွက်ဟာလည်း ပိုများလာမှာဖြစ်သလို၊ မင်ဒါနာအိုက လူတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပိုဆိုးလာမှာ အသေအချာပါပဲ။” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ရိုင်ယန်လာရီဘာက ပြောပါတယ်။ ဆန္ဒပြသူတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ခဏတာ ပဋိပက္ခဖြစ်ပွားခဲ့ပါသေးတယ်။ ဆန္ဒပြသူတွေက ထရမ့်ရဲ့ခရီးစဉ်ကြောင့် အစ္စလာမ္မစ်သူပုန်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မင်ဒါနာအိုဒေသအခြေအနေ ပိုဆိုးလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာမှာဖြစ်ပြီး၊ သူရောက်မလာမီ အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်မှာ ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up