A d v e r t i s e m e n t With Us

နယူးဒေလီတွင် အရေးပေါ်အခြေနေကြောင့် ကမ္ဘာလှည့်ခရီးသည်များ မြို့ကိုစွန့်ခွာ

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မီးခိုးမြူထူ အရေးပေါ် အခြေအနေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ မြို့ကို စွန့်ခွာခဲ့ပါတယ်။ နယူးဒေလီမြို့တော်ရဲ့ လမ်းတွေပေါ်မှာ တွေ့ရတဲ့ ခရီးသည်တွေက သူတို့ ဒီမြို့ကို စွန့်ခွာတော့မယ်လို့ နိုဝင်ဘာ ၁၀ ရက်နေ့ ပြောခဲ့တာပါ။ အသက်ရှူရခက်ပြီး ချောင်းဆိုးတယ်လို့ သူတို့က ပြောပါတယ်။ မြို့ထဲမှာ အဆိပ်သင့် မီးခိုးမြူထူတွေ ထူထူထဲထဲ လွှမ်းခြုံနေလို့ လေထု ညစ်ညမ်းမှု အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ လေထု အရည်အသွေးက ဘေးသင့်အဆင့်ရဲ့ အထက်မှာ ရှိနေတာပါ။ မြို့တွင်း ယာဉ်ရပ်နားခ မြှင့်တင်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို သုံးဖို့ အားပေးထားပါတယ်။ ယာဉ်တွေကို ကန့်သတ်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကိုရပ်ဖို့ အမိန့်ထုတ်ထားပါတယ်။ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် ငယ်တဲ့ အမှုန်တွေ လေထုထဲပါဝင်နှုန်းက အဆင့် ၅၂၃ ရှိနေပါတယ်။ လေထုအရည်အသွေးကောင်းအတွက် သတ်မှတ်ထားတဲ့ အဆင့်က ၅၀ ပါ။ ဒီအမှုန်တွေဟာ အဆုတ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ပြီး နှလုံးရောဂါ လေဖြတ်တာ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၅ က လေထု ညစ်ညမ်းမှုကြောင့် လူအနည်းဆုံး ၂ ဒသမ ၅ သန်း ပိုစောစော သေခဲ့ရတယ်။ သေနှုန်းက ကမ္ဘာပေါ်က တခြားဘယ်နိုင်ငံထက်မဆို များတယ်လို့ လန်စက် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ကော်မရှင်ရဲ့ လေ့လာမှုက ဆိုပါတယ်။ မြို့တော် ဝန်းကျင်က စိုက်ပျိုးမြေတွေမှာ တရားမဝင် မီးရှို့မှုနဲ့ ကားတွေက ထွက်တဲ့ မီးခိုးတွေ ဆောက်လုပ်ရေး လုပ်ငန်းက ဖုန်မှုန့်တွေကြောင့် ဒီနှစ် ပိုအေးတဲ့ ရာသီမှာ မီးခိုးမြူထူတွေ ဖြစ်လာခဲ့တာပါ။ အဆိပ်သင့် မီးခိုးမြူထူတွေ လျော့ပါးစေဖို့ အစိုးရက မီတာတရာ အထက်ကနေ ရေကို ဖြန်းချဖို့ စီစဉ်နေတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up