ကစားကွင်းချားရဟက် ပျက်သွား၍ စတီးလှောင်အိမ်အတွင်း ကလေးများ ပိတ်မိ

စပိန်နိုင်ငံရဲ့ ပင်လယ်ကမ်းခြေအပန်းဖြေနေရာ ဘန်နီဒေါမ်မှာ ကျင်းပနေတဲ့ ပျော်ပွဲရွှင်ပွဲအတွင်း ကစားကွင်းထဲက ချားရဟက် ပျက်သွားလို့ မြေပြင်နဲ့ ၁၅ ပေအကွာ စတီးလှောင်အိမ်တွေထဲမှာ ကလေးအများစု အပါအဝင် ရဟက်စီးသူ ၂၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။ ပျော်ပွဲရွှင်ပွဲကနေ နိုဝင်ဘာလ ၁၀ ရက် ည ၇ နာရီခွဲလောက်မှာ မီးသတ်သမားတွေကို ဖုန်းခေါ်ဆိုခဲ့ရပြီး ဒီမတော်တဆ ဖြစ်မှုအတွင်း ဒဏ်ရာ မရရှိဘူးလို့တော့ သိရပါတယ်။ စက်ချို့ယွင်းသွားလို့ အကျဉ်းထောင် အခန်းကျဉ်းပုံစံ လုပ်ထားတဲ့ စတီးလှောင်အိမ်တွေ တဖက်ကနေ အခြားတဖက်ကို လှုပ်ရမ်းသွားပြီး ဖယိုဖရဲဖြစ်ကာ ရပ်တန့်သွားတယ်လို့ ဦးဆုံးသတင်းထုတ်ပြန်ချက်တွေအရ သိရပြီး လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ကလေးတွေနဲ့ လူကြီးတွေကို မီးသတ်လှေကားတွေနဲ့ တဦးချင်းစီ ကယ်ထုတ်ခဲ့ပြီး နောက်ဆုံး မြေပြင်ပေါ် အန္တရာယ်ကင်းကင်း ရောက်လာကြတယ်လို့ သိရပါတယ်။ လူဘယ်နှယောက် ပိတ်မိတယ်ဆိုတဲ့ တရားဝင် သတင်းထုတ်ခြင်း မရှိပေမယ့် လူအယောက် ၂၀ ကျော် ပိတ်မိခဲ့တာလို့ အချို့က ပြောပါတယ်။ စပိန်နိုင်ငံရဲ့ ခရီးသွားဧည်သည် အသွားများရာ အပန်းဖြေစခန်းမှာ လုပ်တဲ့ ဖီစတာပွဲ မစခင် နာရီဝက်အလိုမှာ ဒီပျော်ပွဲရွှင်ပွဲကို ဖွင့်လှစ်ခဲ့ပြီး ဒီရဟက်ယာဉ်က တရားဝင် အန္တရာယ်ကင်းရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီကြောင်း၊ ဒါပေမယ့် အကြောင်းတချို့ကြောင့် လျှပ်စစ်အားပြတ်တောက်သွားပြီး ချားရဟတ် ရပ်တန့်သွားတာလို့ မြူနီစပယ်အာဏာပိုင်တွေက ပြောပါတယ်။ ချားရဟက်ကို ချက်ခြင်း ပိတ်လိုက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ဆေးမှု လုပ်ပြီးသည့်တိုင် ရဟက် လည်ခွင့် ပိတ်ထားမယ်လို့ စပိန်သတင်းစာတစောင်အရ သိရပါတယ်။ မျက်မြင်တချို့ကတော့ မီးသတ်ကားတွေ လာတဲ့လမ်းမှာ ကားတော်တော်များ ပိတ်နေလို့ ကယ်တင်ဖို့ လာတဲ့ မီးသတ်ကားတွေက အနည်းဆုံး ၇ မိနစ်လောက် နောက်ကျတယ်လို့ ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up