ဂျပန်တွင် သေကြောင်းကြံစည်ရန် ကူညီသည့် ဝက်ဘ်ဆိုဒ်များအား နှိမ်နင်းသွားမည်

ဂျပန်နိုင်ငံမှာ အကာအကွယ် အကူအညီမဲ့နေတဲ့လူတွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ အတွေးအမြင်တွေ ဝေငှဖြန့်ဝေနိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို အစိုးရက နှိမ်နင်းသွားမယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ် အိမ်လို့ ပြောနေကြတဲ့ တိုကျိုမြို့ရဲ့ ဆင်ခြေဖုံးအိမ်တအိမ်ထဲ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ် သတ်ခံထားရတဲ့ အလောင်း ၉ လောင်းကို တွေ့ရှိခဲ့ပြီးနောက် ဆက်တိုက်ဖြစ်ခဲ့တဲ့ လူသတ်မှုမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ လူတွေကို ကူညီအားပေးနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ သုံးခဲ့တယ်ဆိုတာ သိပြီးတဲ့နောက် ဂျပန်အစိုးရက ဒီလိုတုံ့ပြန်ဆောင်ရွက်လိုက်တာပါ။ စုံစမ်းဖော်ထုတ်မှုကနေ လူခေါင်း ၉ ခေါင်းနဲ့အတူ များစွာသော ခြေထောက်တွေ၊ လက်တွေ ရှာတွေခဲ့တဲ့ ထိတ်လန့်စရာ လူသတ်မှုကြီးကို အသက် ၂၇ နှစ်အရွယ် တာကာဟီရိုရှီရာအီရှီက ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူသတ်ဖြတ်မယ့် လူတွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စိတ်ကူးတွေ ဝေငှဖော်ပြနိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် သိခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။ လူသတ်သမား ရှီရာအီရှီက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတဲ့ လူတွေကို သူတို့ သေဖို့  သူကူညီပေးနိုင်တယ်လို့ ပြောပြီး ဒီလူတွေ သူ့အခန်း လာအောင် ဆွဲဆောင်ကာ အဲ့ဒီလူတွေကို သတ်ခဲ့တာလို့ ဆိုပါတယ်။ သတ်ခံရသူတွေထဲမှာ အထက်တန်းကျောင်းသား ၃ ဦး ပါဝင်ပြီး အငယ်ဆုံးက အသက် ၁၅ နှစ်ဖြစ်ပါတယ်။ ကျောင်းသူ ၁ ဦး၊ အသက် ၂၀ ကျော် အမျိုးသမီး ၄ ဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးလို့ သိရပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသား ၁ ဦးက သူ့ချစ်သူ ကောင်မလေးကို ရှာဖွေရင်း လူသတ်သမားနဲ့ ရင်ဆိုင်ကာ သတ်ခံခဲ့ရတာလို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ အသတ်ခံရသူတွေထဲက မိန်းကလေးတဦးက လူမှုကွန်ရက်ပေါ်မှာ သူမကို သတ်ပေးနိုင်သူ တဦးဦးကို ရှာဖွေနေတယ်ပြောပြီး ပျောက်ဆုံးသွားရာကနေ ရဲတွေက ရှာဖွေရင်း လူသတ်သမားရဲ့ တိုက်ခန်းကို တွေ့ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ကူညီတဲ့ လူမှုကွန်ရက်စာမျက်နှာတွေဆိုတာက သတ်သေချင်နေတဲ့ တဦးချင်းစီကို သတ်သေနိုင်မယ့် နည်းလမ်းတွေပေးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ထောက်ခံ ကူညီအားပေးနေတယ်လို့ ဆိုပါတယ်။ တိုကျိုမြို့အခြေစိုက် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု တားဆီးကာကွယ်ငှာနရဲ့ အကြီးအကဲ တိုရူအီဂါဝါက အင်တာနက်က ဂျပန်လူငယ်တွေကို ပိုဆိုးရွားသွားစေတယ်လို့ ဂျပန်တိုင်းမ်စ် သတင်းစာကို ပြောပါတယ်။ “အရင်ကဆို အချို့လူတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွန့်နေသေးတယ်။ အခုတော့ ဒီလိုဖြစ်တာကို သေကြောင်းကြံစည်မှု အားပေးတဲ့ လူမှုကွန်ရက်တွေက ပြောင်းလဲလိုက်ပြီ။ အခုတော့ အတူသတ်သေမယ့်သူတွေကို လူမှုကွန်ရက်ကနေ ရှာပြီး အလွယ်တကူ သတ်သေလို့ရနေပြီ” လို့ မစ္စတာတိုရူအီဂါဝါက ပြောပါတယ်။ ဒါကြောင့် ဂျပန်အစိုးရ အကြီးတန်းအာဏာပိုင် တဦးဖြစ်တဲ့ ယိုရှီဟီဒီစူဂါက သေကြောင်းကြံစည်ဖို့ အားပေးထောက်ခံနေတဲ့ လူမှုကွန်ရက်စာမျက်တွေနဲ့ ဝက်ဘ်ဆိုဒ်တွေကို နှိမ်နင်းဖို့ ဝန်ကြီးဌာနတွေကို ညွန်ကြားခဲ့တာလို့ သိရပါတယ်။ မစ္စတာစူဂါက သေကြောင်းကြံစည်တဲ့ ၀က်ဘ်ဆိုဒ်တွေ ပျံ့နှံ့တာကို စုံစမ်းဖို့အတွက် ဝက်ဘ်ဆိုဒ်လုပ်ကိုင်နေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်ကြီးဌာနတွေကို ညွှန်ကြားပြီး ဒီလိုပြဿနာတက်စေတဲ့ အင်တာနက်စာမျက်နှာတွေကို ပယ်ဖျက်ပစ်ဖို့ ပြောလိုက်ပါတယ်။

More News
Up