ယီမင်တွင် လောင်စာနှင့်ကာကွယ်ဆေး ပြတ်လပ်တော့မည်

ယီမင်နိုင်ငံအတွင်း ရှိနေတဲ့ လောင်စာနဲ့ ကာကွယ်ဆေးတွေဟာ တလအတွင်း ပြတ်လပ်တော့မယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်အဖွဲ့ကြီး ယူနီဆက်ဖ်က မနေ့က သတိပေးလိုက်ပါတယ်။ ဆော်ဒီအာရေဗျ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့ ဟိုဒေးဒါနဲ့ စာနာ လေဆိပ်တွေကနေ အကူအညီတွေကို ပေးပို့ခွင့်ပြုထားပေမယ့် လောင်စာ ပြတ်လပ်မှုက ကျန်းမာရေး ဌာနတွေ ပုံမှန်လည်ပတ်လို့ မရနိုင်အောင် ဟန့်တားထားသလို ဖြစ်နေတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။ ဒါ့အပြင် ရေဆိုး သန့်စင်ရေး နဲ့ ရေသန့် ဖြန့်ချိရေးလည်း အနှောင့်အယှက် ရှိနေပြီး ကလေး ၂.၂ သန်းက ရုတ်တရက် အာဟာရ ပြတ်လပ်မှုဒဏ်ကို ခံစားနေရတယ်လို့လည်း ပြောပါတယ်။ ကာကွယ်ဆေး ၁ လအတွင်း ပြတ်လပ်နိုင်ချေကြောင့် ကလေးအယောက် ၁ သန်းဟာ ပိုလီယိုနဲ့ ဝက်သက် ကာကွယ်ဆေးတွေ မရနိုင် ဖြစ်စေလိမ့်မယ်လို့လည်း ဆက်ပြောပါတယ်။ ၂ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် ယီမင်နိုင်ငံအတွင်း လူ ၇ သန်းဟာ အငတ်ဘေး ဆိုက်မယ့် ကိန်းနဲ့ နီးစပ်နေတာပါ။ လွန်ခဲ့တဲ့ ၆လအတွင်း ကာလဝမ်းရောဂါ ကူးစက်ခံရသူ အယောက် ၉သိန်း ရှိခဲ့ပါတယ်။

More News
Up