အမြီးဆွဲပြီး ကျားမျက်နှာကိုရိုက်ခဲ့သည့် တိရစ္ဆာန်ရုံဝန်ထမ်း ၂ ဦးရုပ်သံ ဝေဖန်မှုမြင့်တက်

2.3K
သြစတြေးလျနိုင်ငံ တိရစ္ဆာန်ရုံတရုံထဲမှ ကျားတကောင်ကို အမြီးဆွဲပြီး မျက်နှာရိုက်ခဲ့တဲ့ ဝန်ထမ်းအမျိုးသား ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ ရက်စက်တဲ့ အပြုအမူတခုလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပေမယ့် တာဝန်ရှိသူတွေကတော့ ဒါကို ဝန်ထမ်းတွေဘက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံ၊ ဂိုးလ်ဒ်ကို့စ်ကမ်းခြေမြို့မှ ဒရင်းမ်ဝေါလ်ဒ် အပန်းဖြေဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။
လာရောက်လည်ပတ်သူတဦးက ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ပျံ့နှံ့သွားခဲ့ပြီး တိရစ္ဆာန်ချစ်သူတွေကြား ဝေဖန်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
ဒါကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဝေဖန်ခဲ့ကြတာဖြစ်ပေမယ့် ဥယျာဉ်တာဝန်ရှိသူတွေကတော့ ဝန်ထမ်းတွေဟာ ခိုက်ရန်ဖြစ်ပွားတော့မယ့် ကျား ၂ ကောင်ကို လူစုခွဲတဲ့အနေနဲ့ ခုလိုလုပ်လိုက်တာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်တာမျိုး မဟုတ်ဘူးလို့ ပြောလိုက်တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုခဲ့သူတဦးကတော့ “ဒါဟာ တိရစ္ဆာန်တွေရဲ့အသက်ကို ဗြောင်ကျကျ စော်ကားညှဉ်းပန်းလိုက်တာပဲ။ ရွံရှာစရာကောင်းပါတယ်” လို့ ဝေဖန် မှတ်ချက်ရေးခဲ့ကြပါတယ်။
တချို့ကတော့ ဒီအဖြစ်အပျက်ကြောင့် ဒရင်းမ်ဝေါလ်ဒ်ကို လာရောက်လည်ပတ်ကြမယ့် ဧည့်သည်တွေ နည်းလာနိုင်တယ်လို့ ပြောနေကြပါတယ်။
တချို့ကတော့ ဝန်ထမ်းတွေဘက်က ကာကွယ်ပြီး “ဒီကျားတွေဟာ အချင်းချင်း တိုက်ခိုက်နေကြတယ်ဆိုရင် ဒါဟာ တကယ့်ပြဿနာ အစစ်အမှန်ပဲလေ။ ဒီလိုပဲ ဖြေရှင်းရမှာပဲ” လို့ ရေးခဲ့တာပါ။
ဒရင်းမ်ဝေါလ်ဒ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ မန်နေဂျာ အယ်လ်မူချီက "ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာပါတဲ့ ကျားတွေဟာ ရန်လိုတဲ့အပြုအမူ ရှိတဲ့အတွက် တကောင်နဲ့တကောင် ထိခိုက်နာကျင်မှု မရခင်မှာ သူတို့ကို ခွဲထုတ်ပစ်ဖို့လိုလို့ပါ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။