A d v e r t i s e m e n t With Us

ကလေးရင်ခွင်ပိုက်မူးယစ်ဆေးသုံးသည့် မိခင်ရုပ်သံပျံ့နှံ့၊ ကလေးကို ထိုင်းအဆိုတော် မွေးစားမည်

ထိုင်းနိုင်ငံမှာ ရင်သွေးငယ်ကို ပွေ့ထားပြီး မူးယစ်ဆေးဝါး သုံးနေတဲ့ မိခင်ဖြစ်သူရဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့ပြီးတဲ့နောက် ထိုင်းနာမည်ကြီး တေးသံရှင်တဦးက အဆိုပါ ကလေးကို မွေးစားတော့မယ်လို့ သိရပါတယ်။ ထိုင်းအဆိုတော် ယိင်လီဆရီကျွမ်းဖွန်းဟာ ဗွီဒီယိုဖိုင် တွေ့ရှိပြီးနောက် ကလေးမိခင်ရဲ့ လုပ်ဆောင်ချက်ကို လက်မခံနိုင်ကြောင်း၊ ပြီးခဲ့တဲ့ ၇ ရက်နေ့ကတော့ စီးပွားရေးလုပ်ငန်းကိစ္စ တခုနဲ့ အဲဒီဒေသကို ရောက်ရှိလာပြီး ကလေးမွေးစားလိုကြောင်း ပြောဆိုရာမှာ ကလေးရဲ့ ဦးလေးတော်သူကလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ကလေးဖခင်နဲ့ ၀မ်းကွဲညီအစ်ကိုတော်စပ်သူ နိုင်းမွန်းထွန်းထောင်းခမ်းက သူ့ညီနဲ့ ခယ်မ (ကလေးအမေ) တို့ လင်မယားနှစ်ယောက်လုံး ဆေးစွဲနေလို့ မူးယစ်ရဲရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရကြောင်း၊ ဒါပေမယ့် ကလေးက ၂ လရွယ်သာ ရှိသေးတာမို့ မိခင်ရဲ့ အနီးကပ်ပြုစုဖို့ လိုတဲ့အတွက် ခံဝန်ချက်တွေနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။ ကလေးမိခင်ကလည်း သူဟာ မူးယစ်ဆေးဖြတ်ပြီး သမီးလေးကို ကောင်းစွာပြုစုစောင့်ရှောက်ကာ ခင်ပွန်းပြန်လွတ်လာမယ့်ရက်ကို စောင့်နေမယ်လို့  ပြောပြီး နိုင်းမွန်းထွန်းတို့အိမ်မှာပဲ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် တနေ့မှာ နိုင်မွန်းထွန်း အပြင်က ပြန်ရောက်လာစဉ် ကလေးအမေက သူ့သူ ငယ်ချင်းတွေ အိမ်ခေါ်လာပြီး ကလေးကို ပွေ့ပိုက်ထားတဲ့ကြားက ရာဘ (စိတ်ကြွဆေး) သုံးနေ တာတွေ့လို့  ဗွီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဗွီဒီယို လူမှုကွန်ရက်မှာပြန့်သွားပြီးတဲ့နောက် ကလေးအမေလည်း သူ့သမီးသူခေါ်ပြီး အိမ်ပေါ်ကဆင်းသွားကြောင်း၊ ၄ - ၅ ရက်လောက်ကြာတဲ့အခါ အမေကပေါ်မလာဘဲ သူငယ်ချင်းကနေတဆင့် ကလေးကို အိမ်မှာလာထားသွားတယ်လို့ ပြောပါတယ်။ နိုင်းမွန်းထွန်းက အမေအနေနဲ့ ကလေးကို တာဝန်မယူနိုင်ဘူးဆိုရင် သူ့ကိုအပြီးအပိုင် ပေးလိုက်ဖို့ စာချုပ်စာတမ်းမှာ လာရောက်လက်မှတ်ထိုးပေးဖို့ လူမှုကွန်ရက်ကနေ ကြော်ငြာထားတယ်လို့ ဆိုပါတယ်။ အဲဒီချိန်မှာ နိုင်းမွန်းထွန်းထံ ဈေးလာဝယ်တဲ့ ထိုင်းအဆိုတော် ယိင်လီ ဆရီကျွမ်းဖွန်းက ဗွီဒီယိုကလစ် မြင်ကတည်းက ကလေးကို လွန်စွာသနားမိကြောင်း၊ သူ့မှာလည်း သားထောက်နောက်ခံ တယောက်မှမရှိလို့ ကလေးကို အပိုင်မွေးစားလိုကြောင်း၊ နိုင်းမွန်းထွန်းကလည်း သဘောတူတဲ့အတွက် မိခင်ရင်းကို ရောက်ရာအရပ်ကနေ သဘောတူ လက်မှတ်လာထိုးပေးဖို့ လူမှုကွန်ရက်ကနေ ပြောထားပါတယ်။ ဒီဖြစ်စဉ်ဟာ ဘယ်နေရာမှာဖြစ်သွားသလဲဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up