ဒေါ်လာ ၁ သိန်းတန် ရွှေအတိဖြင့် ပြုလုပ်ထားသည့် ရွှေရေအိမ်

ဓာတ်ပုံ - AsiaOne
2.3K
ရွှေအတိနဲ့ ပြုလုပ်ထားတဲ့ ရေအိမ်တခုကို လော့စ်အိန်ဂျလိစ်မြို့မှာ နိုဝင်ဘာ ၇ ရက်နေ့က ဒေါ်လာတသိန်းနဲ့ ဈေးခေါ်ထားပါတယ်။
အဲဒီရေအိမ်ကို နာမည်ကျော် လူးဝစ္စဗွီတွန် (Louis Vuitton) သားရေစွပ်နဲ့ စွပ်ထားပြီး အယ်လ်အေအခြေစိုက် အနုပညာရှင် အီလ်မာဂိုးလ်က ဖန်တီးခဲ့တာပါ။
အီလ်မာဂိုးလ်ဟာ ၂၀၁၆ ခုနှစ်က သမ္မတလောင်း ထရမ့်ရဲ့ 'အမေရိကန် တဖန်ပြန် ကြီးမြတ်စေရမည်' ဆိုတဲ့ပုံကို သရုပ်ဖော်ရာမှ ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။
ရွှေရေအိမ်ဖန်တီးသူ အီလ်မာဂိုးလ်က “အိတ်အစွပ်ပေါင်း ၂၄ ခုရှိပါတယ်။ တခုနဲ့တခု ဈေးမတူပါဘူး။ အားလုံးဈေးကြီးပါတယ်။ အဲဒီအစွပ်တွေနဲ့ ဖန်တီးထားတာပါ” လို့ ပြောပါတယ်။
ရေအိမ်တခုကို အခုလိုဖန်တီးရတာ အတော်လက်ဝင်ပြီး ဒါဟာ အနုပညာပါပဲလို့လည်း သူက ဆိုပါတယ်။
"ဒါကို ဖန်တီးနေချိန်မှာလည်း ပုံက ထပ်ခါတလဲလဲ ပြောင်းနေတယ်။ ရေအိမ်အဖုံး ဖွင့်ကြည့်ရင် လူးဝစ္စဗွီတွန် အမှတ်တံဆိပ်ကို တွေ့မှာပါ။ နောက်ပြီး ရေအိမ်တခုလုံးကို ရွှေနဲ့ ဖန်တီးထားတာပါ။ ဒီရေအိမ် အသုံးပြုလို့ရလား၊ ဈေးဘယ်လောက်လဲလို့ လူတွေက မေးကြတယ်။ ရွှေသားနဲ့ဖန်တီးရတာဆိုတော့ ဖြတ်တောက်တဲ့အခါတိုင်း သတိကြီးကြီးထားရတယ်လေ။ အမှားမခံရဲဘူး။ မှားသွားရင် ဒေါ်လာ ၃၀၀၀၊ ၅၀၀၀ ကို ရေဆွဲချသလို ဖြစ်မှာလေ” လို့လည်း အီလ်မာဂိုးက ပြောပါတယ်။
အဲဒီ ရွှေရေအိမ်ကို အသုံးပြုလို့ရတယ်လို့ ဖော်ပြထားပြီး တန်ဖိုး အမေရိကန်ဒေါ်လာ တသိန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။