Home
မြန်မာသတင်း
ကလေးမြို့တွင် လုယက်ခံရသည့်ကား တပတ်ခန့်အကြာ ပြန်တွေ့
DVB
·
November 9, 2017
ပြီးခဲ့တဲ့ တပတ်လောက်က ညက ကလေး - ကျီကုန်းလမ်းပေါ် ဖောင်ကူးရွာဟောင်းအနီးမှာ လုယက်ခံရတဲ့ ကားကို ဒီနေ့ မနက်ပိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်မှာ တွေ့ခဲ့တယ်လို့ လုယက်ခံရသူ ယာဉ်ပိုင်ရှင် ဦးဉာဏ်လွင်က ပြောပါတယ်။ “ဒီနေ့စတွေ့တာက ကလေးမြို့ ဗိုလ်ချုပ်လမ်း ရွှေနှင်းဆီ လက်ဖက်ရည်ဆိုင်နားမှာ တွေ့တာ။ တွေ့တာနဲ့ ကျနော်တို့ ဆိုင်ကယ်နဲ့လိုက်တော့ ကားက ပတ်ပြေးတာ မမီဘူး။ နည်းနည်းဝေးဝေးပါ။ ဒါနဲ့ လိုက်ရင်းနဲ့ တောင်ဖီလာနဲ့ ဘူတာလမ်းဆုံနားကျတော့ ကားကို ထားခဲ့ပြီး သော့ကိုပါ ဒက်ဘုတ်ပေါ်တင်ထားပြီး ပြေးသွားလို့ လူတွေတော့ မမိလိုက်ဘူး။” ကားလုခံရစဉ်က ကားကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးနားကနေ လူနှစ်ဦးက အကူအညီတောင်းခံမှုကြောင့် ကားပိုင်ရှင် ကိုဉာဏ်လွင်အနေနဲ့ လိုက်ပို့ခဲ့ပြီး ဖောင်ကူးရွာဟောင်းနားအနီးမှာ ကားပိုင်ရှင်ကို ထားခဲ့ပြီး ကားနဲ့အတူ ငွေ ရှစ်သောင်း၊ ဖုန်း ၃ လုံးကို ကားငှားသူ နှစ်ယောက်က ယူသွားတာလို့ သိရပါတယ်။ “ကားကိုတွေ့တော့ သူတို့ဖာသာ လိုက်ကြတယ်။ ဖုန်းဆက်အကြောင်းကြားတော့ ကျနော်တို့ ချက်ခြင်း လိုက်ပေမယ့် ကားပိုင်ရှင်က ကလေးဒေသခံမဟုတ်တဲ့ ဧည့်သည်ဆိုတော့ လမ်းမကျွမ်းကျင်တာကြောင့် ရောက်ရှိနေတဲ့နေရာကို အတည်တကျမပြောနိုင်တော့ လူကိုတော့ မမိလိုက်ဘူး” လို့ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။ လုယူသွားတဲ့ကားကို ပြန်လည်ရရှိခဲ့ပေမယ့် ကားရဲ့ နံပါတ်ပြားပြောင်းလဲတပ်ဆင်ထားပြီး အမိုးစတီးလ်ကိုင်းကိုလည်း ဖြုတ်ချထားတဲ့အပြင် ကားပေါ်မှာပါတဲ့ စပယ်ယာ ဘီးတလုံး၊ ကားဝှီးတက်နဲ့ ကားရှေ့မှန်မှာကပ်ထားတဲ့ ကညန အမှတ်အသား စတေကာတွေကိုလည်း ခွာထားတယ်လို့ ကားပိုင်ရှင် ဦးဉာဏ်လွင်က ဆိုပါတယ်။ ကားလုခံရမှုနဲ့ ပတ်သက်ပြီး ကလေးမြို့မရဲစခန်းကတော့ ကားလုခံရစဉ်ကတည်းက လုယက်မှုနဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024