A d v e r t i s e m e n t With Us

ကျောင်းသား၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် ကျောင်းဆရာ (ရုပ်သံ)

စာသင်ခန်းထဲမှာ ကျောင်းသားရဲ့ ဦးခေါင်းကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ကျောင်းဆရာရုပ်သံ ထွက်လာပြီးနောက် ဆရာကို အလုပ်ကထုတ်ပစ်ဖို့ အဲဒီကျောင်းသားရဲ့ မိခင်က တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့က Rockdale Career Academy ကျောင်းမှာ ရူပဗေဒဘာသာရပ် ကျောင်းဆရာဖြစ်သူ ပေါလ်ဟေဂင်က စာသင်ခန်းအတွင်း အေပရယ်ကားဆိုတဲ့ အမျိုးသမီးရဲ့ သားဖြစ်သူခေါင်းကို သေနတ်ပစ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ကျောင်းဆရာက အာဖရိကန်-အမေရိကန် ကျောင်းသားကို “ငါ့ကို အဲ့လို လာမပြုံးပြနဲ့၊ အဲ့ဒါပေါ့ မင်းတို့လိုလူမျိုးတွေ သေနတ်အပစ်ခံရတာ၊ ငါပြောရဲတယ် မင်း အသက် ၂၁ နှစ်လောက်ရောက်ရင် တယောက်ယောက်က မင်းခေါင်းကို သေနတ်နဲ့ပစ်လိမ့်မယ်၊ အဲ့ဒီလူက ငါလည်း ဖြစ်ချင်ဖြစ်သွားမယ်” လို့ ပြောခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကျောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပြီး စုံစမ်းနေချိန်မှာ ဆရာဖြစ်သူ ပေါလ်ဟေဂင်ကို အလုပ်က ခေတ္တအနားပေးထားတယ်လို့လည်း သိရပါတယ်။ ကျောင်းဆရာ မစ္စတာဟေဂင် ဒီလိုခြိမ်းခြောက် ပြောခဲ့တာကို အတန်းထဲရှိ ကျောင်းသားတဦးက ရုပ်သံရိုက်ကူးခဲ့ပြီးနောက် ခြိမ်းခြောက်ခံရတဲ့ ကျောင်းသားရဲ့ မိခင်ဖြစ်သူ မစ္စကားက ဒီရုပ်သံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တင်ကာ ကျောင်းဆရာကို အလုပ်ထုတ်ဖို့ တောင်းဆိုလက်မှတ်တွေ စုဆောင်းခဲ့တာပါ။ မစ္စကားက “ဒီတောင်းဆိုမှုကို ဆက်လက် ဖြန့်ဝေပေးပါ။ မျှတမှုဖြစ်ဖို့အတွက် ကျမ လက်မှတ်တွေ အများကြီးလိုပါတယ်” လို့ ရေးထားပါတယ်။ ကျောင်းဆရာက သင်ပုန်းပေါ်မှာ စာရေးချိန် မစ္စကားရဲ့သား အပါအဝင် ကျောင်းသားတစုက ရယ်ခဲ့လို့ ဆရာက အတန်းထဲမှာ ပေါက်ကွဲပြီး စကားကျယ်ကျယ်လောင်လောင်ပြော ခြိမ်းခြောက်ခဲ့တာလို့လည်း သိရပါတယ်။ “ကျမ အရမ်းစိတ်တိုတယ်။ ဒါက ကျမသားရဲ့အသက်ကို အကြမ်းဖက် ခြိမ်းခြောက်မှုလို့ ထင်တယ်။ ကျမကတော့ သူ့ကို အလုပ်က ထုတ်စေချင်တယ်၊ တရားစွဲစေချင်တယ်” လို့ မိခင်ဖြစ်သူက ဒဗလျူအက်စ်ဘီ တီဗွီသတင်းကို ပြောပါတယ်။ မိခင်ဖြစ်သူ မစ္စကားက ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဒီရုပ်သံကို စစ်ဆေးနေတယ်လို့ ကျောင်းအာဏာပိုင်တွေက ပြောကြောင်း မေရာသတင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up