Home
မြန်မာသတင်း
စွန့်ပစ်ပလတ်စတစ်မှ လောင်စာဆီကို စတင်ထုတ်လုပ်မည်
Aung Ko Latt
·
November 9, 2017
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ ချင်းတွင်းဓာတုအင်ဂျင်နီယာ လုပ်ငန်းက စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ၊ စက်သုံးဆီ၊ စားသုံးဆီအဟောင်းတွေ၊ ရာဘာတွေကနေတဆင့် အသင့်သုံးစွဲနိုင်တဲ့ လောင်စာဆီတွေကို အခုလ နောက်ဆုံးပတ်ကနေ စတင်ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ အခုလို စွန့်ပစ်ပစ္စည်းတွေကနေ လောင်စာဆီထုတ်လုပ်ရတာက သဘာဝပတ်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို စုစည်းပြီး ထုတ်လုပ်ရတာဖြစ်လို့ ပတ်ဝန်းကျင်သန့်ရှင်းလာ အောင်နှင့် ဒေသခံတောင်သူတွေရဲ့ စက်မှုလယ်ယာကဏ္ဍကို တဖက်တလမ်းက ကူညီနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။ “အဓိကကတော့ ဒီစက်တွေတည်ဆောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ဘေးထွက် ဆိုးကျိုးများစွာဖြစ်ပေါ်စေတဲ့ ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းပြီးသားလည်းဖြစ်မယ်။ အဲဒီအတွက် ပတ်ဝန်းကျင်လည်း သန့်ရှင်းသပ်ရပ်လာမယ်။ ဒေသခံတောင်သူတွေရဲ့ လယ်ယာ ကဏ္ဍမှာ နေ့စဉ်အသုံးပြုနေရတဲ့ လိုအပ်တဲ့ လောင်စာဆီကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဖြည့်ဆည်းပေးနိုင်မယ်ပေါ့။ အဲဒီအတွက် ရည်ရွယ်ပြီး အခုလို နမူနာစက်ရုံကို စတင်လည်ပတ်ဖို့ ပြင်ဆင်နေတာပါ။ စွန့်ပစ်ပစ္စည်းကနေ လောင်စာဆီထုတ်တဲ့ စက်က မျိုးဆက်သုံးခုရှိတယ်။ အခုဟာကတော့ နမူနာပေါ့။ ဒါက ပျမ်းမျှအားဖြင့် တစ်ရက်ကို ဒီဇယ်၊ ဓာတ်ဆီ ၂ ပေပါထုတ်နိုင်မယ်။ ဒုတိယမျိုးဆက်ကတော့ တစ်ရက်ကို လောင်စာဆီ ၁၀ ပေပါနှင့် ၁၅ ပေပါကြားထုတ်နိုင်မယ်။ တတိယမျိုးဆက်ကတော့ တစ်ရက်ကို ပေပါအလုံး ၅၀ ထိ ထုတ်နိုင်မယ်ပေါ့။ အခုနမူနာအတွက်က ခန့်မှန်း ကျပ်သိန်း ၅၀၀ လောက်တော့ ကုန်ကျမှုရှိတယ်” လို့ ချင်းတွင်းဓာတုအင်ဂျင်နီယာလုပ်ငန်းက ဦးဆောင်သူ ဦးသန့်ဇင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ချင်းတွင်းဓာတုအင်ဂျင်နီယာလုပ်ငန်းက ထုတ်လုပ်မယ့် လောင်စာဆီအနေနဲ့ ဓာတ်ခွဲ စမ်းသပ်မှုက ရရှိထားတဲ့အချက်တွေအရ အဆင်သင့်သုံးနိုင်တဲ့ အဆင့်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်သူတွေဆီကို ဖြန့်ဖြူးရောင်းချတာတွေမလုပ်ခင် အာမခံနိုင်တဲ့အဆင့် ရောက်အောင် ထပ်မံသန့်စင်တာတွေ လုပ်သွားဦးမယ်လို့လည်း ဆိုပါတယ်။ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီတွေကို တောင်သူတွေရဲ့ လယ်ယာသုံး စက်ကိရိယာတွေမှာ ထည့်ပြီးသုံးစွဲတာတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်း ဒီလောင်စာဆီတွေနဲ့ပတ်သက်ပြီး စမ်းသပ်ပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ အစပိုင်းက ပတ်ဝန်းကျင်မှာ ညှော်နံ့နံတာတွေဖြစ်ပေါ်ခဲ့လို့ အဆင့်ဆင့်ပြုပြင် မြှင့်တင်လာခဲ့တာ ၅ ဆင့်မြောက် ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အခုစမ်းသပ်တဲ့နည်းစနစ်က သဘာဝပတ်ဝန်းကျင်က အမှိုက်တော့ရှင်းပေမယ့် ဒီစက်က ထွက်လာတဲ့အရာတွေက သဘာဝပတ်ဝန်းကျင်က ပြန်လည်ထိခိုက်မယ်ဆိုရင် ရည်ရွယ်ချက်က မအောင်မြင်နိုင်တဲ့အတွက် ဖြစ်လာမယ့် ပြဿနာတွေအတွက်လည်း ကြိုတင်စဉ်းစားထားတယ်လို့ ဆိုပါတယ်။ ထွက်ရှိလာတဲ့ဆီတွေကိုလည်း လက်တွေ့စမ်းသပ်တဲ့အခါ တောင်သူတွေက ကြိုက်နှစ်သက်မှုရှိနေပါတယ်။ “လက်တွေ့ ဒီကထွက်တဲ့ဆီကိုထည့်ပြီးမောင်းကြည့်တဲ့အခါ ထွန်ရေးရရှိမှု အချိန်ပေါ့လေ၊ စက်ပျက်စီးမှု၊ စီးပွားရေးအရတွက်ခြေကိုက်ရဲ့လား သုံးသပ်ကြည့်တဲ့အခါ အဆင်ပြေတာကို တွေ့ရတယ်။ ပြောရရင် အခြားဆီထက် ၂၅ ရာခိုင်နှုန်းပိုပြီးတော့ ငွေကြေးသက်သာတယ်။ ပရီမီယံဒီဇယ်ထက် ဧကပိုရတယ်။ နောက်ပြီး စက်မှာဆို ဒီဇယ်ချိုးတွေမကျန်ခဲ့လို့ နော်ဇယ်၊ ပန့်ပိုပြီးတော့ အသုံးခံတယ်။ ဆိုတော့ တောင်သူအနေနဲ့ ပရီမီယံဒီဇယ်နဲ့ ၃ဧကမောင်းနိုင်ရင် ဒီဆီက ၅ ဧကမောင်းနိုင်တယ်။ လက်တွေ့လည်းမောင်းပြီးပြီ”လို့ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာက ကိုစိုးမင်းကလည်း ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိအားမှာတော့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်၊ ရာဘာ၊ စက်သုံးဆီ၊ စားသုံးဆီအဟောင်းတွေကနေ နည်းပညာနဲ့ လောင်စာဆီပြန်လည်ထုတ်လုပ်နိုင်ဖို့ နမူနာ စက်ရုံတည်ဆောက်မှုက ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်။ စက်လည်ပတ်မှုကို အပိုင်း၂ပိုင်းနဲ့လည်ပတ်သွားမှာဖြစ်ပြီး တကြိမ်ကို စွန့်ပစ်ပလတ်စတစ်အမှိုက် ပိဿာချိန် ၂၀၀ လောက် အသုံးပြုသွားမယ်လို့ဆိုပါတယ်။ စွန့်ပစ်ပလတ်စတစ်ကနေ လောင်စာဆီထုတ်ရာမှာ အဓိကအားဖြင့် အရေးကြီးဆုံးက ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ ကတ်သလစ်ခေါ်တဲ့ ဓာတုပုံဆောင်ခဲက စက်ကြီးတစ်ခုလုံးအတွက် အရေးကြီးဆုံး အစိပ်အပိုင်းဖြစ်တယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024