ငဝန်မြစ်အတွင်း လူ ၇ ဦးပါ စက်လှေနစ်မြုပ်
DVB
·
November 9, 2017
ဧရာဝတီတိုင်း ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ကံကုန်း လှေဆိပ်အနီးက ငဝန်မြစ်ထဲမှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက လူ ၇ ဦးလိုက်ပါလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့လို့ အနားမှာရှိတဲ့ စက်လှေတွေအကူအညီနဲ့ အချိန်မီကယ်တင်လိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့နယ် ကုလားစုကျေးရွာမှာနေထိုင်တဲ့ ဘိုဘိုဦး(ခေါ်) ကျော်သက် မောင်းနှင်လာတဲ့ ငါးဖမ်းပိုက်ချသော စက်လှေပေါ်မှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ လိုက်ပါခဲ့တာဖြစ်ပြီး မြစ်အလယ်အရောက်မှာတော့ ဘေးနားကဖြတ်သွားတဲ့ သင်္ဘောတွေရဲ့ လှိုင်းကိုမခံနိုင်လို့ စက်လှေနစ်မြုပ်ခဲ့တာလို့ ပါဝင်ကယ်တင်ခဲ့သူတွေက ပြောပါတယ်။
“၇ နာရီလောက်မှ အကုန် ကယ်ဆယ်နိုင်တယ်၊ စက်လှေမှောက်တော့ ကမ်းအနီးအနားရှိ လူများမှ အော်ပြီးအကူညီတောင်းတယ်။ အဲ့တော့မှ အနားမှာ ငါးဖမ်းနေတဲ့ စက်လှေတွေ အကုန်လုံး ၁၈ စီးလောက်ရှိမယ် ၀ိုင်းကယ်ကြတာ။ စက်လှေပေါ်ပါသူအကုန်လုံးကို ကယ်ဆယ်နိုင်ခဲ့တယ်” လို့ စက်လှေနဲ့ပါဝင်ကယ်ဆယ်ခဲ့သူ ကိုဇော်ဝင်းက ပြောပါတယ်။
စက်လှေက မြစ်အလယ်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး နစ်မြုပ်ချိန်မှာတော့ ပါလာသူအားလုံးဟာ စက်လှေဘေးမှာ တွဲလာတဲ့ ဝါးစည်းတွေကို ဖက်ထားနိုင်ခဲ့ပြီး ငါးဖမ်းစက်လှေတွေလည်း အမြန် လာရောက်ကယ်ဆယ်လို့ ထိခိုက်ဒဏ်ရာရမှု တစုံတရာမဖြစ်ခဲ့တာလို့ စက်လှေပေါ် လိုက်ပါခဲ့တဲ့ သူတွေက ဆိုပါတယ်။
“ကျနော်က ဒီဘက်ကမ်းကို အကိုဖြစ်သူကိုခေါ်ဖို့လာတာပါ၊ သူတို့ကို အခကြေးငွေမယူဘဲ ကူညီပြီးခေါ်လာတာ။ မြစ်လယ်ရောက်တော့ လှိုင်းထပြီး မှောက်တာပါ။ စက်လှေဘေးမှာ ဝါးအစီး ၄၀ လောက်တွဲလာခဲ့တာ။ စက်လှေမှောက်တော့ ဝါးအစီးတွေကို ဖြုတ်ပြီးတော့ အားလုံးကို ဖက်ထားခိုင်တယ်။ ပြီးတော့ ငါးဖမ်း စက်လှေတွေလာကယ်တာပါ။ စက်လှေပါသူအားလုံး အသက်ရှင်ပါတယ်” လို့ စက်လှေမောင်းသူ ဘိုဘိုဦး(ခေါ်) ကျော်သက်က ပြောပါတယ်။
ဧပြီလအတွင်းကလည်း ပုသိမ်မြို့ငဝန်မြစ်ထဲမှာ မင်္ဂလာဆောင်က ပြန်လာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့တာကြောင့် စက်လှေပေါ်လိုက်ပါခဲ့တဲ့ ငပုတောမြို့နယ် ရခိုင်ကုန်းကျေးရွာက လူ ၃၀ ဦးသေဆုံးခဲ့ပါတယ်။
မြမင်းဦး(ပုသိမ်)