မြန်မာ့သွင်းကုန်ထုတ်ကုန် အဆောက်အဦဟောင်း ၈၈၈၈ သမိုင်းပြတိုက်လုပ်ရန် ဆောင်ရွက်နေ
နေဖြိုးဝင်း
·
November 9, 2017
ရန်ကုန်မြို့ရှိ မြန်မာ့သွင်းကုန်ထုတ်ကုန် အဆောက်အဦဟောင်းကို ၈၈၈၈ သမိုင်းပြတိုက် ပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုလိုက်တာပါ။
အဆိုပါ ၈၈၈၈ သမိုင်းပြတိုက်ဆောက်ဖို့ မြေနေရာအတွက် လွှတ်တော်မှာ အဆိုတင်သွင်းဖို့ လုပ်ပေမယ့် လက်ရှိ နိုင်ငံတွင်းဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ဘာသာရေး အခြေအနေတွေကြောင့် ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာ့သွင်းကုန်ထုတ်ကုန် အဆောက်အဦကြီးကို ပြလိုက်တဲ့အခါမှာ ၈၈ မျိုးဆက်က ခေါင်းဆောင်တွေက သဘောကျကြပါတယ်။ ဒါကြောင့် အဲအဆောက်အဦရဲ့ သမိုင်းကြောင်းကို အသေးစိတ်လေ့လာပြီးတော့ ဒါကို ၈၈ သမိုင်းပြတိုက်အဖြစ် ဖွင့်လှစ်နိုင်ဖို့အတွက်ကို အချက်အလက်တွေ စုဆောင်းနေပါတယ်။ စုဆောင်းပြီးလို့ရှိရင် ဝန်ကြီးဌာနကို ပေးပို့ပါမယ်။ ဝန်ကြီးဌာနကနေပြီးမှ သမ္မတနဲ့ နိုင်ငံတော်အစိုးရထံကို တင်ပြသွားမှာဖြစ်ပါတယ်။ မကြာခင် လုပ်ငန်းအဆင့်ဆင့် စတင်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ပြောလိုပါတယ်” လို့ သူရဦးအောင်ကိုက ပြောပါတယ်။
ရန်ပုံငွေအတွက် နည်းလမ်းနှစ်ခု စဉ်းစားထားတယ်လို့ ဆိုပါတယ်။ အများပြည်သူဆီက အလှူခံတဲ့နည်းလမ်းနဲ့ နိုင်ငံတော်ဘဏ္ဍာငွေကနေ ပမာဏတခုထိ မတည်ပေးတဲ့ နည်းလမ်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။