နေတိုးတပ်ဖွဲ့ဝင် ၃၀၀၀ အာဖဂန်ကို ထပ်မံစေလွှတ်မည်

နေတိုးအထွေထွေအတွင်းရေးမှူး ယန်းစတိုးတန်းဘာ့ခ်။ (ဓာတ်ပုံ - ရိုက်တာ)
2.4K
အာဖဂန်နစ္စတန်နိုင်ငံကို နေတိုးတပ်ဖွဲ့ဝင် ၃၀၀၀ ထပ်မံစေလွှတ်သွားမယ်လို့ နေတိုးတပ်ဖွဲ့ရဲ့ အစည်းအဝေးကနေ နိုဝင်ဘာ ၇ ရက်က ဆုံးဖြတ်လိုက်ပါတယ်။
အခုစေလွှတ်မယ့် နေတိုးတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ အာဖဂန်တပ်သားတွေကို လေ့ကျင့်ပေးရေးအတွက်ဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ယန်းစတိုးတန်းဘာ့ခ် (Jens Stoltenberg) က ပြောပါတယ်။
အခု ထပ်မံစေလွှတ်မယ့် နေတိုးတပ်ဖွဲ့ ၃၀၀၀ မှာ တဝက်ကို အမေရိကန်က စေလွှတ်သွားမှာဖြစ်ပြီး ကျန်တဝက်ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စေလွှတ်သွားမှာပါ။
အာဖဂန်နစ္စတန်နိုင်ငံမှာ အခုထပ်မံစေလွှတ်မယ့် တပ်ဖွဲ့ဝင် ၃၀၀၀ အပါအဝင် စုစုပေါင်း နေတိုးတပ်ဖွဲ့ဝင် ၁ သောင်း ၆ ထောင်ထိ ရှိသွားပါပြီ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်မယ့် နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်ကိစ္စ၊ နျူကလီးယား အစီအစဉ်တွေကိုလည်း ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။