ရေအောက်ရိုက်ကူးရေးလုပ်နေသည့် ရေငုပ်သင်္ဘောကို ငါးမန်းအုပ်စု တိုက်ခိုက် (ရုပ်သံ)
Published By
DVB | 8 November, 2017
2.7K
0
Share
0
Comment
0
Likes
ရေအောက်ကမ္ဘာမှ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို တင်ဆက်နေတဲ့ အစီအစဉ်တခုဖြစ်တဲ့ Blue Planet II အဖွဲ့သားတွေဟာ အခုသီတင်းပတ်အတွင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခြေအနေတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒါကတော့ သူတို့ စီးနင်းလိုက်ပါလာတဲ့ ရေငုပ်သင်္ဘောကို ဧရာမ ငါးမန်းကြီးတွေက အုပ်စုလိုက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြလို့ပါပဲ။
ဒါဟာ အမှတ်မထင် ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေတခုဖြစ်ကာ ဘီဘီစီရုပ်သံသတင်းကတော့ ကင်မရာနောက်ကွယ်မှ ဒီအဖြစ်အပျက်ကို ပြန်လည်မျှဝေခဲ့တာပါ။
အဖွဲ့သားတွေဟာ ရေအောက်မီတာ ၇၅၀ အနက် အတ္တလန္တိတ် သမုဒ္ဒရာ ကြမ်းပြင်ပေါ်မှ ဝေလငါးသေကောင်ဆီ မှတ်တမ်းရယူ ရိုက်ကူးချိန်မှာ ခုလိုကြုံတွေ့ခဲ့ကြရတာပါ။
ဝေလငါးသေနားမှာ ငါးမန်းအုပ်စုဟာ အချင်းချင်း အားပြိုင်တိုက်ခိုက်ဖို့ ကြိုးစားရင်းကနေ ရေငုပ်သင်္ဘောကို မြင်သွားခဲ့ကြတာပါ။
ရုတ်တရက်ပဲ ငါးမန်းတွေဟာ ရေငုပ်သင်္ဘောကို ခန္ဓာကိုယ်နဲ့ အားကုန် တွန်းတိုက်ခဲ့ကြတာဟာ တကယ့်ကို သွေးပျက်စရာပါပဲ။
အရှည် ၆ မီတာလောက်ရှိတဲ့ ငါးမန်းကြီးက သင်္ဘောကိုယ်ထည်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ချိန်မှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေထဲမှ တဦးက “ရေငုပ်သင်္ဘောက အရမ်းကို ကြံ့ခိုင်ပါတယ်။ ဒါပေမယ့် သူတို့(ငါးမန်းတွေ) က အရမ်းကြီးပြီး သန်မာတော့ နည်းနည်းတော့ ကြောက်မိတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် အချိန်အနည်းငယ်အကြာမှာတော့ ငါးမန်းတွေက သင်္ဘောဟာ သူတို့ကို ရန်မူမယ့်အရာမဟုတ်မှန်း သိသွားခဲ့ပြီး တွန်းတိုက်မနေတော့ဘဲ ဝေလငါးသေဆီ ပြန်သွားခဲ့ကြတာကို တွေ့ရပါတယ်။