အာဆီယံ လူထုအခြေပြုအဖွဲ့အစည်းမှာ မြန်မာလူငယ်များ ပိုမိုပါဝင်ရန်လို
DVB
·
April 4, 2012
အာဆီယံ လူထုအခြေပြုအဖွဲ့အစည်း ညီလာခံနဲ့ ဆွေးနွေးပွဲတွေမှာ ပြည်တွင်းက မြန်မာလူငယ်တွေ ပိုမိုပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းက မြန်မာလူငယ်တဦး ပြောပါတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ အချိန်မှာ အာဆီယံ လူထုအခြေပြုအဖွဲ့အစည်း ညီလာခံနဲ့ ဆွေးနွေးပွဲတွေဟာ မဖြစ်မနေ ကျင်းပရမှာ ဖြစ်တဲ့အတွက် လူထုကိုယ်စားပြုအသံတွေကို တင်ပြဆွေးနွေးနိုင်ဖို့ ပြည်တွင်းက လူငယ်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ရှာဖွေထားသင့်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် လူငယ်အခြေပြု လူမှုပြောင်း လဲရေး အဖွဲ့က ပြောပါတယ်။
ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ကမ္ဘောဒီးယား နိုင်ငံမှာဖနွမ်ပင်မြို့မှာ ကျင်းပတဲ့ အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ လူငယ်အခြေပြု လူမှုပြောင်းလဲရေးအဖွဲ့က မြန်မာလူငယ်တဦးဖြစ်သူ အမှုဆောင် ညွှန်ကြားရေးမှူး နစ်ကီဒိုင်းမွန်းက သူ့အမြင်ကို ပြောပါတယ်။
“အားနည်းချက် ရှိတယ်ဆိုတာက အရင်တုန်းက ကျနော်တို့က isolated (သီးခြား) ဖြစ်နေတဲ့အခါကျတော့ ဒေသတွင်းမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ ပူးပေါင်း ဆက်နွယ်မှု မရှိကြဘူး။ အခုကျတော့ တိုင်းပြည်က ပြောင်းလဲလာတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း အာဆီယံဒေသတွင်းမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ့။ ကိုယ့်နိုင်ငံမှာ ဖြစ်တဲ့ပြ ဿနာတွေနဲ့ သူတို့နိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေက တခါတရံမှာ တူနေတာလေးတွေ ရှိတဲ့အခါ ကျတော့ သူတို့နိုင်ငံမှာ ဘယ်လိုတွေ လုပ်လို့ရလဲ၊ ကိုယ့်နိုင်ငံမှာဆိုရင် ဘယ်လိုပြန်လုပ်လို့ရလဲ ဆိုတဲ့ သတင်းအချက်အလက်တွေ၊ နည်းလမ်းတွေ ဖလှယ်လို့ရတယ်ဗျ။”
ဒီညီလာခံမှာ မြန်မာနိုင်ငံထဲက လူငယ် ၃၀ ကျော်လောက်တက်ရောက်ခဲ့သလို အဲဒီ အထဲက ၁၀ ဦးလောက်ဟာ အစိုးရနဲ့ ဆက်နွယ်နေတဲ့ လူမှုရေး အဖွဲ့အစည်း ကိုယ်စားပြု လာရောက်ကြတာ ဖြစ်ပါတယ်။
ထိုင်းအခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က တင်သွင်းမယ့် ၂၀၁၄ မှာ မြန်မာပြည်မှာ ကျင်းပမယ့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်း ညီလာခံရဲ့ အလားအလာနဲ့ ပတ် သက်ပြီးတော့ ပါဝင် ဆွေးနွေးမှာကို တော့ ညီလာခံကို ကြီးကြပ်သူတွေက ခွင်မပြုဘူးလို့ သိရပါ တယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့အတူ အပြိုင်ကျင်းပတဲ့ အာဆီယံ လူထုအခြေပြု အဖွဲ့အစည်း ညီလာခံနဲ့ ဆွေးနွေးပွဲတွေမှာ ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ရွှေ့ပြောင်း နေထိုင်သူများရဲ့ ပြဿနာရေးရာ ကိစ္စရပ်တွေနဲ့ တခြားကိစ္စတွေကို ဆွေးနွေးကြ တယ်လို့လည်း ဆိုပါတယ်။