ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၇)
DVB
·
November 8, 2017
တို့ဗမာအစည်းအရုံးကြီး (ဂျီစီဘီအေ) - ၁၉၂၀ ကျောင်းသားသပိတ်နှင့် တောင်သူလယ်သမား အရေးတော်ပုံ
(The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ” အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။)
(၁၂) တို့ဗမာအစည်းအရုံးကြီး (ဂျီစီဘီအေ)
ဝိုင်အမ်ဘီအေအသင်းကြီးကို တည်ထောင်ခဲ့တာ ဆယ်နှစ်အကြာမှာတော့ ဗမာနိုင်ငံသားတွေဟာ အသင်းကြီးကို ဘာသာရေး၊ လူမျိုးရေး အသင်းအဖွဲ့အဆင့်ကနေ တိုင်းပြည်တခုလုံး အရေးအတွက် နိုင်ငံရေးအဆင့်တခုကို တက်လှမ်းဖို့ ဆန္ဒရှိလာခဲ့ကြတယ်။ ဒါ့ကြောင့် ၁၉၁၇ ခုနှစ်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ဦးရွက်မှုနဲ့အတူ လူလူချင်း ကျွန်ပြုတဲ့ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ပြသဖို့ မိမိအမည်ရှေ့မှာ ‘သခင်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်သွင်း သုံးစွဲခဲ့ကြတဲ့ ခေတ်ပြိုင်နိုင်ငံရေးသမား ခေါင်းဆောင်တွေဟာ ‘ဂျီစီဘီအေ’ လို့ အတိုကောက်ခေါ်ဆိုကြတဲ့ တို့ဗမာအစည်းအရုံးကြီးကို တပြည်လုံးအတိုင်းအတာနဲ့ အစည်းအဝေး ခေါ်ယူပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။
တို့ဗမာအစည်းအရုံးကြီးရဲ့ အလံတော်အောက်မှာ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေ ပါဝင်လှုပ်ရှားလာကြရုံသာမက ရဲစွမ်းသတ္တိရှိပြီး လူသိများ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာခဲ့တယ်။ တဖက်မှာလည်း ကိုလိုနီနယ်ချဲ့တွေဟာ တော်လှန်ရေးအင်အားစုတွေ စုစည်းလာတဲ့ တို့ဗမာအစည်းအရုံးကြီးကို နှိပ်ကွပ်ဖို့ အဆင်သင့် ပြင်ထားခဲ့တယ်။
သူတို့ဟာ ငယ်ရွယ်နုပျိုတဲ့ သခင်ပေါက်စတွေကို ဝရမ်းထုတ် ဖမ်းဆီးပြီး အနည်းဆုံး ၆ လ ထောင်ချလေ့ရှိတယ်။ ဒါကြောင့် သခင်ပေါက်စ ထောင်ခြောက်လလို့ အဲဒီခေတ်မှာ ပြောစမှတ်တွင်ခဲ့တယ်။ ဒီလိုနဲ့ တို့ဗမာအစည်းအရုံးကြီးဟာ အလွှာပေါင်းစုံက လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်တော်လှန်ရေးသမား လူကြီးလူငယ်အားလုံး စုဝေးကွန်းခိုရာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းကြီး ဖြစ်လာခဲ့တယ်။
(၁၃) ၁၉၂၀ ကျောင်းသားသပိတ်
ကောင်းမွန်စွာ မြေတောင်မြှောက် ပျိုးထောင်မှုကို မခံရတဲ့ အပင်တွေဟာ မသန်စွမ်းနိုင်သလို အဲဒီအပင်တွေရဲ့ အဖူးအငုံ အပွင့် ဆိုတာတွေလည်း မလန်းဆန်းနိုင်ပါဘူး။ လူ့အဖွဲ့အစည်းမှာလည်း အဲဒီလိုပါပဲ။ တိုင်းသူပြည်သားတွေ ဆင်းရဲ နိမ့်ကျ ကျွန်ဘဝ ရောက်ရတဲ့အခါ အနာဂတ် ပန်းဖူးပန်းငုံလေးတွေနဲ့တူတဲ့ ပြည်သူပြည်သားတွေရဲ့ သားသမီး ကျောင်းသူ ကျောင်းသားတွေဟာလည်း မမွှေးပျံ့ မလန်းဆန်းနိုင်တာမို့ နောက်ဆုံးမှာတော့ ဖိနှိပ်မှုတွေကို ငြင်းဆန်ခုခံခဲ့ကြပါတယ်။
အရှင်နှစ်ပါး ပါတော်မူပြီးတဲ့နောက် တိုင်းတပါး ကျွန်မခံလိုတဲ့ ပုန်ကန်တော်လှန်မှုတွေ ၁၀ နှစ်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကိုလိုနီနယ်ချဲ့တွေရဲ့ဖိနှိပ်မှုတွေ ပိုပြင်းထန်လာလေလေ ဗမာပြည်သူတွေရဲ့ ဆန့်ကျင်ခုခံတာတွေဟာလည်း အရှိန်မြင့်လာခဲ့တော့တယ်။
ကြီးကျယ်ထင်ရှားတဲ့ သိပ္ပံပညာရှင် နယူတန် ပြောခဲ့သလိုပါပဲ။ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ဗမာပြည်သူတွေ အထွတ်အမြတ်ထားရာ ရွှေတိဂုံဘုရားပေါ်ကို ဖိနပ်စီးတက်ခဲ့တဲ့ စော်ကားမှုဟာ တိုင်းပြည်အတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာခဲ့ပြီး ကျောင်းသားတွေဟာ ကိုလိုနီအစိုးရ အာဏာပိုင်တွေကို ဗြောင်စိန်ခေါ်လို့ သပိတ်မှောက်ခဲ့ကြတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာတော့ “Craddock, get out” ကရက်ဒေါက် … ထွက်သွားလို့ အော်ဟစ်ကြွေးကြော်ပြီး သပိတ်တိုက်ပွဲကို စတင်ခဲ့ကြတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ၁၈၈၀ ပြည့်နှစ်က တည်ထောင်ခဲ့တာ ဖြစ်တယ်။ ကျောင်းသားသပိတ်ဟာ ရန်ကုန်မြို့သာမက မန္တလေးနဲ့ တခြားမြို့တွေဆီကိုပါ ပျံ့နှံ့သွားခဲ့တယ်။
သပိတ်ခေါင်းဆောင်တွေဟာ ရွှေတိဂုံဘုရားရဲ့ စနေထောင့် (အနောက်တောင်ထောင့်) မှာ သပိတ်ကို စတင်ခဲ့ကြပြီး သပိတ်စခန်းကိုတော့ ဘုရားအရှေ့မုခ်မှာရှိတဲ့ ဒေါ်ကျုတ်ဇရပ်မှာ ဖွင့်လှစ်ခဲ့ကြတယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် ဗမာတနိုင်ငံလုံးက ပြည်သူတွေဟာ သပိတ်မှောက် ကျောင်းသားတွေကို ရင်ထဲအသည်းထဲကနေ အူလှိုက်သည်းလှိုက် ထောက်ခံခဲ့ကြတာမို့ ဗြိတိသျှ ကိုလိုနီနယ်ချဲ့တွေ ဘယ်လိုမှ မငြှိမ်းသတ်နိုင်တော့တဲ့ အမျိုးသားရေးစိတ်ဓာတ် နိုးကြားမှုဆိုတဲ့ မီးတောက်မီးလျှံကြီးဟာ တဟုန်းဟုန်း တောက်လောင်လာခဲ့တော့တယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ တို့ဗမာအစည်းအရုံးကြီးရဲ့ ကမကထပြုမှုနဲ့ အမျိုးသားကျောင်းတွေဟာ ဗြိတိသျှ မစ်ရှင်နရီကျောင်းတွေနဲ့အပြိုင် ဗမာနိုင်ငံတဝန်းမှာ အလျှိုအလျှို ပေါ်ထွက်လာခဲ့တယ်။ အဲဒီနောက် ထင်ရှား အရေးပါတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဖြစ်ပွားလာခဲ့တယ်။
အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဗမာပြည်ကို ၁၉၁၉ ခုနှစ်မှာ ပြန်ကြွလာတဲ့ ရခိုင်ဆရာတော် ဦးဥတ္တမဟာ ပထမဆုံး အမျိုးသားရေး ဦးဆောင်သံဃာတပါးအဖြစ်နဲ့ ဝံသာနုအသင်းကို ဖွဲ့စည်းပြီး အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားလာအောင် လှုံ့ဆော်စည်းရုံးခဲ့တယ်။ ဆရာတော်ဟာ ၁၉၂၁ ခုနှစ်မှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရပြီး ၁၉၃၉ ခုနှစ်မှာ ပျံလွန်တော်မူခဲ့တယ်။ အခြားသော ဗုဒ္ဓဘာသာ သံဃာတော်များလည်း ဒီလှုပ်ရှားမှုထဲ ပါဝင်လာကြပြီး ဆရာတော်ဦးဝိစာရ ဦးဆောင်လို့ သံဃာ့သမဂ္ဂီအဖွဲ့လို့ အမည်ရတဲ့ သံဃာပေါင်းချုပ်အသင်းကြီးကို ထူထောင်ခဲ့ကြတယ်။
ကိုလိုနီနယ်ချဲ့အစိုးရက ဆရာတော်ဦးဝိစာရကို ဖမ်းဆီးခဲ့ပြီး ကြီးလေးတဲ့ ထောင်ဒဏ်ကို ချမှတ်ခဲ့တယ်။ ဆရာတော်က ရက်ပေါင်း ၁၆၆ ရက်တိုင်အောင် ရက်ရှည် အစာငတ်ခံ ဆန္ဒပြခဲ့ရာက ၁၉၂၉ ခုနှစ် စက်တင်ဘာလထဲမှာ ပျံလွန်တော်မူခဲ့ရတယ်။ ဒီနေ့ခေတ်မှာ ဆရာတော်ဦးဝိစာရ ကြေးရုပ်တုကို ရွှေတိဂုံဘုရား အနောက်ဘက်ခြမ်းမှာရှိတဲ့ လမ်းပေါ်က အဝိုင်းပတ်ကြီးအလယ်မှာ တည်ထားခဲ့တဲ့အပြင် အဲဒီလမ်းကိုလည်း ဦးဝိစာရလမ်းလို့ အမည်ပေး ဂုဏ်ပြုခဲ့တယ်။
အဲဒီလို ဆရာတော် သံဃာတော်တွေ ရဲရဲရင့်ရင့် ထွန်းညှိပေးလိုက်တဲ့ အမျိုးသားနိုင်ငံရေး အသိ အလင်းရောင်ဟာ တိုင်းတပါးကလာပြီး ကျွန်ပြုဖိနှိပ်တဲ့ ကိုလိုနီအုပ်ချုပ်မှု ဆန့်ကျင်ရေးစိတ်ဓာတ်တွေကနေ နောက်ဆုံးအဆင့် ဗမာတနိုင်ငံလုံးရဲ့ လွတ်လပ်ရေးတိုက်ပွဲထိ ရောက်အောင် လမ်းပြပေးနိုင်ခဲ့တယ်။
(၁၄) ဆရာစံ တော်လှန်ပုန်ကန်မှု (တောင်သူလယ်သမား အရေးတော်ပုံ)
အထက်ပါ အဖြစ်အပျက်တွေနဲ့ တချိန်တည်းမှာပဲ တို့ဗမာအစည်းအရုံးကြီးရဲ့ အသင်းဝင်လည်းဖြစ်တဲ့ ဘုန်းကြီး လူထွက်ဟောင်း၊ နောင်မှာ ဆရာစံလို့ ထင်ရှားလာမယ့် ဦးရာကျော်ဟာ ဝံဿနုအသင်းလိုပဲ ဂဠုန်အသင်းကြီးကို ကျေးလက်ဒေသတွေမှာ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့တယ်။
ရာသီဥတုတွေ ဖောက်ပြန်လို့ သီးနှံတွေပျက်တော့ လယ်သမားတွေဟာ ဝမ်းစာတောင် အနိုင်နိုင် ဖြစ်ခဲ့ရတာမို့ ကိုလိုနီအစိုးရကို ကောက်နေတဲ့ အခွန်အတုပ်တွေနဲ့ ဗြိတိသျှတွေ အိန္ဒိယက ခေါ်လာခဲ့တဲ့ တမီလ်လူမျိုး ငွေချေးစားသူ ချစ်တီးကြွေးဆပ်ရမှာကို ရွှေ့ဆိုင်းပေးဖို့ အသနားခံခဲ့ရာမှာ ငြင်းပယ်ခံခဲ့ကြရတယ်။
အကြွေးမဆပ်နိုင်တဲ့ လယ်သမားတွေဆီမှ လယ်ယာမြေတွေကို ချစ်တီးတွေက သိမ်းယူပြီး ပြန်လည် လေလံတင် ရောင်းချခဲ့ကြတယ်။ လယ်သမားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ကိုလိုနီကျွန် ချစ်တီးတွေရဲ့အောက် သဘောက်ဘဝ လယ်စာရင်းငှား လယ်ကူလီတွေ ဖြစ်လာခဲ့ရတယ်။
မခံရပ်နိုင်တဲ့အဆုံးမှာတော့ လယ်သမားတွေပါဝင်တဲ့ ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီးဟာ ၁၉၃၀ ပြည့်နှစ်မှာ ပေါ်ပေါက်လာခဲ့ပြီး တတိုင်းတပြည်လုံး အနှံ့အပြားမှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့တယ်။ ဗြိတိသျှနယ်ချဲ့တွေဟာ အရေးတော်ပုံကြီးကို အညှာအတာကင်းမဲ့စွာ ရက်ရက်စက်စက် နှိမ်နှင်းခဲ့တယ်။ လယ်သမားအများစုဖြစ်တဲ့ အရေးတော်ပုံတပ်သား ၁၀,၀၀၀ ကျော် ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့အပြင် ဆရာစံ အပါအဝင် လယ်သမား အရေးတော်ပုံတပ်သား ၁၂၈ ဦးဟာ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။
အဲဒီ သေဒဏ်ကြိုးမိန့်ကို ဘုရင်ခံကိုယ်တိုင် ဖွဲ့စည်းခဲ့တဲ့ အထူးခုံရုံးအဖွဲ့က ချမှတ်ခဲ့တာ ဖြစ်တယ်။ ဝမ်းနည်းစရာ၊ ရှက်စရာ ကောင်းတာကတော့ အဲဒီ အင်္ဂလိပ်ဘုရင်ခံ ခုံရုံးအဖွဲ့ဝင်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာဘဦးဟာ ဗမာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ဝန်ကြီးချုပ်ဦးနုရဲ့ ခန့်ထားမှုနဲ့ နောင်မှာ ဒုတိယမြောက်သမ္မတ ဖြစ်လာခဲ့တယ်။ တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အရေးတော်ပုံခေါင်းဆောင် ဆရာစံကို ကြိုးမိန့် သေဒဏ်ချမှတ်ခဲ့တဲ့သူက လွတ်လပ်တဲ့ ဗမာနိုင်ငံတော်ရဲ့ သမ္မတ ဖြစ်လာခဲ့တာပဲ။ ဘာကြောင့် ဝန်ကြီးချုပ်ဦးနုဟာ သခင်ကိုယ်တော်မှိုင်း၊ ဦးဘဘေ၊ ဦးချစ်လှိုင် စသဖြင့် ပိုပြီး သမ္ဘာရင့်တဲ့ ခေါင်းဆောင်တွေထဲက မရွေးချယ်ခဲ့ရတာလဲ။ ဒါဟာ အခွင့်အရေးသမားတွေရဲ့ လုပ်ရပ်ကို ပြသခဲ့တာပါပဲ။ ဒီလိုနဲ့ ၁၉၂၀ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားပြီးတဲ့နောက် ဗမာ့သမိုင်းမှာ အရေးပါတဲ့ အရေးအခင်း အဖြစ်အပျက် မြောက်မြားစွာကနေ ထင်ရှားတဲ့ အဖွဲ့အစည်းတွေသာမက လူပုဂ္ဂိုလ်များစွာ ပေါ်ထွန်းလာခဲ့တော့တယ်။
(၁၅) ကျောင်းသားသမဂ္ဂများ
၁၉၃၅-၁၉၃၆ ခုနှစ်တွေမှာ အဖွဲ့ဝင် ၅ ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂ စတင်ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကျောင်းသားသမဂ္ဂမှာ ကိုနုက ဥက္ကဋ္ဌ၊ ကိုရာရှစ်က ဒု-ဥက္ကဋ္ဌဖြစ်ပြီး ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းနဲ့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းတို့ ပါဝင်ကြတယ်။ သူတို့ သမဂ္ဂသက်တမ်းကာလထဲမှာ ကျောင်သားသမဂ္ဂဥက္ကဋ္ဌ ကိုနုရဲ့ ဖိနှိပ်သူ အာဏာပိုင်တွေအပေါ် ရဲရဲတောက် ပြင်းထန်တဲ့မိန့်ခွန်းနဲ့ အိုးဝေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ တက္ကသိုလ်အာဏာပိုင်တွေကို သရော် ရေးသားခဲ့တဲ့ “ငရဲခွေးကြီး လွတ်နေပြီ” ဆိုတဲ့ ဆောင်းပါးကို ရေးသားတဲ့သူကို ထုတ်ဖော်ဖို့ ငြင်းဆန်ခဲ့တဲ့ အယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ခဲ့ရာက ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ အဲဒီဆောင်းပါးကို ရေးသားခဲ့သူကတော့ နောင်မှာ ကျော်ကြားတဲ့ စာရေးဆရာတယောက် ဖြစ်လာမယ့် ဦးညိုမြ ဖြစ်တယ်။
ဒုတိယကျောင်းသားသပိတ်ဟာ မန္တလေးကောလိပ်နဲ့တကွ တပြည်လုံးက ကျောင်းတွေဆီ ကူးစက်ပျံ့နှံ့ခဲ့တယ်။ အကျိုးဆက်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေကို အရှိန်တင်ပေးခဲ့ပြီး နိုင်ငံရေးနိုးကြားမှုတွေ မြင့်တက်လာစေခဲ့တယ်။ အဲဒီကနေ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ဝဲဂယက်တွေ ထလို့ နောက်မကြာခင်မှာ အပြင်းထန်ဆုံး နိုင်ငံရေး အုံကြွပေါက်ကွဲမှုတွေ ဗမာနိုင်ငံမှာ ဖြစ်တည်လာစေခဲ့တော့တယ်။
အပိုင်း (၈) ဆက်ရန် ......
မင်းကောင်းချစ်