A d v e r t i s e m e n t With Us

အလှအပရေးရာ စီးပွားရေးလုပ်ငန်းအတွက် ထိုင်းနိုင်ငံ ခရုမွေးမြူရေးလုပ်ငန်း

ဓာတ်ပုံ - ယူကျု
ခရုကနေထုတ်လုပ်တဲ့ အလှဆီဟာ အာရှမှာ စီးပွားရေးလုပ်ငန်း အကြီးကြီး ဖြစ်လာနေပါတယ်။ ကိုရီးယားအမျိုးသမီး အတော်များများက သူတို့ရဲ့ အသက်အရွယ်ကြီးရင့်လာမှု မသိသာအောင်နဲ့ အရေပြားအစိုဓာတ် ရရှိတယ်လို့ ထင်မြင်ယူဆပြီး ခရုကနေထုတ်လုပ်တဲ့ ထူးခြားအဆီကို ရေရှည်သုံးစွဲလာကြပါတယ်။ ဒါပေမယ့် တချို့ကတော့ အလှကုန်ပစ္စည်းအတွက် ခရုကထုတ်လုပ်တဲ့ အဆီဆိုပြီး အမည် ထူးထူးဆန်းဆန်း ပေးတာသာဖြစ်ပြီး ဒီအလှကုန်မှာ တကယ့်ခရုအဆီတော့ မပါဝင်ဘူး၊ ဒီလိုယူဆသုံးစွဲသူတွေက မှားယွင်းနေတယ်လို့ ပြောနေကြပါတယ်။ ခရုအလှဆီ အလှကုန်တွေကို ခရုတွေနဲ့ပဲ အဓိကပါဝင်ပစ္စည်းအဖြစ် ထုတ်လုပ်ထားတယ်လို့ သိရပြီး ခရုတွေ တရွေ့ရွေ့သွားတဲ့အခါ ခရုလမ်းကြောင်းမှာ တွေ့ရတဲ့ အချွဲလိုမျိုး ခရုကရရှိတဲ့ အချွဲတွေက အာဟာရဓာတ်တွေ အပြည့်ပါတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အခုအချိန်မှာ ခရုမွေးမြူရေးတွေလုပ်ပြီး ခရုကရရှိတဲ့ အချွဲတွေကို စုဆောင်းကြတယ်၊ တချို့ ခရုမွေးမြူရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံမှာလည်း လုပ်ကိုင်နေပြီလို့ နစ်ကီအေးရှန်းရီဗျူး သတင်းအရ သိရပါတယ်။ ဘန်ကောက်မြို့ကနေ ၁ နာရီကြာသွားရင် ရောက်တဲ့ နေရာမှာ စီရမ်စနေးလ်ကုမ္ပဏီက ပိုင်တဲ့ ခရုမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေပြီး အဲ့ဒီနေရာမှာ ဒေသခံ ခရုမျိုးစိတ်ပေါင်း ၈၀၀၀ ကို မွေးမြူထားပါတယ်။ ဒီခရုတွေကို ၁၆၀၀၀ မီတာ ဧရိယာအကျယ်ရှိတဲ့ တောထဲ လွတ်လပ်စွာ ပေါက်ပွားကြီးပြင်း သွားလာစေပြီး ခရုတွေက ထုတ်လိုက်တဲ့ အချွဲတွေကို အလုပ်သမားတွေက လိုက်လံစုဆောင်းနေကြတာလို့ ဆိုပါတယ်။ အကောင်းဆုံး ခရုထွက်ကုန်ပစ္စည်းတွေကို ဖန်တီးနိုင်ဖို့ ခရုတွေကို မွေးမြူရာမှာ အလုပ်သမားတွေက ခရုတွေ ပျော်ရွှင်နေအောင် ဂရုစိုက်ပေးရတယ်လို့ ဆိုပါတယ်။ ခရုတွေ မပျော်ရွှင်တဲ့အခါ သူတို့ရဲ့ အချွဲတွေက ကြည်လင်နေရာကနေ ဖက်ဖူးရောင် ပြောင်းသွားပြီး ထုတ်ကုန်တွေအတွက် အကောင်းဆုံး မဖြစ်တော့ဘူးလို့ စီရမ်စနေးလ်ကုမ္ပဏီ တည်ထောင်သူတဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဆူပေါ့ဟန်နန်ဘူရာက ပြောပါတယ်။ တောထဲမှာ သဘာဝအရပေါက်ပြီး ခရုတွေရဲ့ အစာလည်းဖြစ်တဲ့ မှိုတွေက ခရုတွေကို သက်သောင့်သက်သာဖြစ်စေတယ်၊ ပျော်ရွှင်စေတယ်၊ အကောင်းဆုံး အချွဲတွေကိုလည်း ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။ ခရုတွေက အသက် ၅ နှစ်အထိရှည်ပြီး ၁၀ စင်တီမီတာအထိ ကြီးထွားတယ်လို့လည်း ဆိုပါတယ်။ ခရုမွေးမြူရေးလုပ်ငန်းကို စီရမ်စနေးလ်ကုမ္ပဏီနဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တည်ထောင်ခဲ့ပြီး ခရုရဲ့အချွဲကနေထုတ်တဲ့ အလှကုန်ပစ္စည်းတွေကို အမည် ၈ မျိုးနဲ့ ထုတ်လုပ်ရောင်းချကာ ထိုင်းနိုင်ငံ Watsons အလှကုန်ဆိုင်နဲ့ တခြားဆိုင်တွေမှာ ရရှိတယ်လို့ ဆိုပါတယ်။ စနေးလ် ၈ ဝက်ဘ်ဆိုက်သတင်းအရ ခရုတွေရဲ့ အချွဲတွေမှာ ဗီတာမင် အေ၊ ဒီ၊ အီး၊ ဂလိုင်ကိုလစ်အက်ဆစ်နဲ့ အိုမင်းခြင်းကို ကာကွယ်ပေးတဲ့ အန်တီအောက်ဆီဒန့် အပါအဝင် ဓာတ် ၈ မျိုး ပါတယ်လို့ သိရပါတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဇီဝဓာတု ပရော်ဖက်ဆာက ခရုရဲ့အချွဲတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက အရေပြားတွေကို ဘက်တီးရီးယားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးသလို အရေပြားတွေ ကောင်းမွန်လာအောင် အထောက်အကူပြုတယ်လို့ ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ ခရုအဆီကို အလှကုန်ပစ္စည်းကနေ ချဲ့ထွင်ပြီး ဆေးအဖြစ် လိမ်းဆေးတွေကိုပါ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောကြောင်း ကိုကိုးနက်သတင်းမှာ နိုဝင်ဘာ ၆ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up