A d v e r t i s e m e n t With Us

တောဆင်ရိုင်းများနှင့် လူသားတို့ကြား ရင်ဆိုင်နေရသည့် ပဋိပက္ခတိုက်ပွဲများ (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ တောဆင်ရိုင်းတွေနဲ့ လူသားတွေကြား ပဋိပက္ခတွေဟာ တနေ့တခြား ပိုမိုပြင်းထန်လာနေပြီး အသက်လုတိုက်ပွဲတွေအသွင် ဖြစ်လာနေပါတယ်။ အိုရီဆာနဲ့ ချားတစ်စ်ဂါ့ပြည်နယ်တွေ အတွင်းမှ သစ်တောတွေထဲမှာ ဒါဟာ နေ့စဉ်လိုလိုဖြစ်နေတဲ့ ပြဿနာတွေပါပဲ။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကျေးရွာတရွာထဲမှ ဒီလူတွေကတော့ တောဆင်ရိုင်းတွေကို ခြောက်လှန့်ထုတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ရွာတွေထဲကို တောဆင်ရိုင်းတွေ ဝင်ရောက်လာပြီး တိုက်ခိုက်တာတွေကြောင့် သေဆုံးရသူဦးရေဟာ ၂၀၁၃ ခုနှစ်ကတည်းက ခုချိန်ထိ ၁၄၀၀ ကျော်လောက် ရှိခဲ့ပြီဖြစ်ပြီး တောဆင်ရိုင်းကောင်ရေ ၁၀၀ ကျော်လည်း သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။ သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်ပညာရှင်တွေကတော့ တောဆင်ရိုင်းတွေဟာ အစာရှာဖို့ ရည်ရွယ်ချက်နဲ့ လူနေအိမ်တွေ၊ စိုက်ခင်းတွေဆီ ရောက်လာခဲ့ကြတာလို့ ပြောပါတယ်။ ကျေးရွာသားတဦးက “ကျနော့်အဖေက တောထဲကို ကျွဲနွားတွေ လွှတ်ကျောင်းဖို့ သွားခဲ့တယ်။ ကျွဲတွေ၊ နွားတွေသာ ပြန်ရောက်လာခဲ့ပေမယ့် သူပြန်ရောက်မလာခဲ့ပါဘူး။ ကျနော်တို့ တောထဲလိုက်သွားချိန်မှာတော့ (တောဆင်ရိုင်းတိုက်ခိုက်ခံရတဲ့အတွက်) သူ့ခန္ဓာကိုယ်ဟာ အစိတ်စိတ်အပိုင်းပိုင်းနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။ ရွာထဲကို တောဆင်ရိုင်းတွေ ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း နောက်တယောက်က ခုလိုပြောခဲ့တာပါ။ “တောဆင်ရိုင်းတွေဟာ ပထမဆုံး ဒီလမ်းကလာတယ်။ ပြီးတော့ ကျနော့်အိမ်ကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ နောက်တခါ နောက်တနေရာက ပေါ်လာပြီး ခုလို ဖျက်ဆီးပစ်လိုက်ပြန်တော့တာပဲ။” သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ လူတွေနဲ့ တောဆင်ရိုင်းတွေကြား ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို ပညာပေးလှုံ့ဆော်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီတန်ဒရာ ဥပတ်ဒ်ရေးက “လူတွေဟာ ဆင်တွေကို သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေတဲ့ကောင်တွေလို့ မြင်နေကြပါတယ်။ ဆင်တွေနဲ့ ဘယ်လို သင့်သင့်မြတ်မြတ် နေထိုင်ကြရမလဲဆိုတာ မသိကြပါဘူး။ ကျနော်တို့အနေနဲ့ လူတွေကို ပညာပေးဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အစိုးရအနေနဲ့ ခုလိုကိစ္စတွေမှာ ပြည်သူတွေကို အကာအကွယ်ပေးမှုတွေ ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up