A d v e r t i s e m e n t With Us

သာစည်မင်းလှကန်အတွင်း လှေမှောက်၍ မီးရထားဝန်ထမ်းတဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် နိုဝင်ဘာ ၅ ရက်ညနေ သာစည်-မြင်းခြံသွားရထားသံလမ်းနဲ့ မိတ္ထီလာ-တောင်ကြီးကားလမ်းအကြား ကွမ်းခြံရိုးဘူတာအနီး မင်းလှကန်ထဲမှာ လှေမှောက်လို့ မီးရထားဝန်ထမ်း တဦး သေဆုံးခဲ့တယ်လို့ သာစည်မြို့မရဲစခန်း တာဝန်ကျအရာရှိတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ကိုသန်းချိုဦးနဲ့ သားဖြစ်သူ ထက်မြက်သူ မီးရထားဝန်ထမ်းများဖြစ်ကြတဲ့ ကိုသီဟကျော်၊ ကိုအောင်ခိုင်ထွန်းတို့ ၄ ဦး သံလမ်းတံတားပေါ်မှာ ငါးမျှားရင်း လှေအပျော်စီးကြရာ လှေမှောက်ပြီး ရေနစ်သေဆုံးခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်ဝေဖြိုးအောင် “လှေအပျော်စီးရင်း လှေမှောက်တယ်။ ကိုသီဟကျော်နဲ့ကိုအောင် ခိုင်ထွန်းတို့ အော်ဟစ်ပြီးကူအညီတောင်းတယ်။ အဲအသံကြားလို့ တံငါတဲက မသီတာဦး ပြေးလာပြီး ရေနစ်သူကိုကယ်တယ်။ ထက်မြက်သူပဲဆယ်လို့ရတယ် ကိုသန်းချိုဦး ပျောက်နေတယ်၊ စခန်းကို သတင်းပေးလို့ မီသတ်တပ်ဖွဲ့နဲ့ ရွာခံတွေရှာကြတယ်။ ည ၉ နာရီခွဲမှာ အလောင်းတွေ့တယ်၊ ပြင်ပဒဏ်ရာမတွေ့ရပါဘူး” လို့ ပြောပါတယ်။ မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက “လှေထဲရေတွေရောက်လာတော့ ကြောက်သွားပြီး လှေမငြိမ်ဘဲ မှောက်သွားတယ်ထင်တယ်။ ကန်အစကနေ ပေ ၃၀ ကျော်လောက်ပဲ လှေစီးရသေးတယ်။ တံငါတဲကကြားလို့ ကူဆယ်ပေးတာ ၅ နှစ်ကလေးပဲ ဆယ်လို့ရတယ်။ ကိုသန်းချိုဦးပျောက်နေလို့ အတော်ရှာယူရတယ်” လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up