ဘိုကလေးမြို့နေရာ ၂ ခုတွင် တပြိုင်နက်မီးလောင်၊ နေအိမ် ၁၅ လုံး ဆုံးရှုံး
DVB
·
November 6, 2017
ဧရာဝတီတိုင်း ဘိုကလေးမြို့ပေါ်ရပ်ကွက် တခုနဲ့ ကျေးရွာတခုတို့မှာ ဒီနေ့ မနက်ပိုင်းက တပြိုင်နက်တည်း မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၅ လုံး ဆုံးရှုံးခဲ့ပါတယ်။
ဘိုကလေးမြို့ အမှတ် ၁ ရပ်ကွက် ရွှေငါးကြီးစက်လှေဆိပ်နားက စက်သုံးဆီအရောင်းဆိုင် တခုကနေစပြီး မီးလောင်ခဲ့တာမှာ လိုင်းခန်းတွဲတစ်ခုအပါအဝင် အိမ် ၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် မြင်းကကုန်းကျေးရွာက လူမနေတဲ့အိမ်တလုံးကနေ မီးစတင် လောင်ကျွမ်းခဲ့မှုမှာတော့ အိမ်ခြေ ၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးဌာနမှူးက ဦးမျိုးဝင်းက ပြောပါတယ်။
“ဘိုကလေးမြို့က ရပ်ကွက်တခုနဲ့ မြင်းကကုန်းရွာမှာ လောင်တာပါ။ အခုတော့အားလုံး မီးငြိမ်းသွားပါပြီ။ ပျက်စီးဆုံးရှုံးမှု အသေးစိတ်တန်ဖိုးတွေကိုတော့ တွက်ချက်နေတုန်းမို့ မကြာခင် ထုတ်ပြန်ပေးသွားပါ့မယ်။”
မီးလောင်မှုတွေကိုတော့ ဘိုကလေးမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်တွေ အပါအဝင် အနီးအနားကျေးရွာတွေက မီးသတ်ကားတွေနဲ့ ဖျာပုံမြို့နယ် မော်လမြိုင်ကျွန်း မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်တွေပါ သွားရောက်ငြိမ်းသတ်ခဲ့ရပြီး နှစ်နေရာစလုံးမှာ ၁ နာရီနီးပါးလောက်စီ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဘိုကလေးမှာ မီးလောင်တာကို သွားကူဖို့ မြင်းကကုန်းရွာက မီးသတ်ကားတွေ ထွက်သွား တာ သူတို့ထွက်သွားပြီးမှ ရွာမှာ ထလောင်တော့ ရွာသားတွေပဲ ဝိုင်းပြီးရေနဲ့ငြှိမ်းသူငြှိမ်း၊ အိမ်တွေ တန်းတွေ ဆွဲချသူဆွဲချနဲ့ လုပ်နေကြရလို့ မီးလောင်တာ ကြာသွားတာ။ ဘိုကလေးက မီးသတ်ကားတွေ ပြန်ရောက်ပြီးငြိမ်းတော့မှ မီးညွန့်ကျိုးသွားတာ”လို့ မြင်းကကုန်းကျေးရွာနေ ဦးကျော်လင်းက ပြောပါတယ်။
ဘိုကလေးမြို့နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း အခုမီးလောင်မှုဟာ ပထမဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနက စာရင်းတွေအရ သိရပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)